အီရန်သမ္မတနှင့် တွေ့ဆုံရန် အဆင်သင့်ရှိဟု ဒေါ်နယ်ထရမ့် ပြော

ဓာတ်ပုံ - BBC
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်သမ္မတ ရိုဟာနီနဲ့ တွေ့ဆုံဖို့ အဆင်သင့်ရှိတယ်လို့ ဇူလိုင် ၃၀ ရက်နေ့က ပြောကြားလိုက်ပါတယ်။ အီရန်ခေါင်းဆောင်တွေနဲ့ ကြိုတင်စည်းကမ်းသတ်မှတ်ချက် မပါဘဲ သူတို့ကြိုက်တဲ့အချိန် တွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်သမ္မတ ရိုဟာနီကို အခုလ အစောပိုင်းက ရန်လိုတဲ့ သတိပေးစကားတွေ ပြောကြားခဲ့အပြီး အခုလို တွေ့ဆုံဆွေးနွေးဖို့ စကားလမ်းကြောင်းလိုက်တာလည်း ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ တွေ့ဆုံဆွေးနွေးရေး ပြောစကားကို အီရန်သမ္မတရဲ့ အကြံပေးတဦးဖြစ်တဲ့ ဟာမစ် အဘိုတာလာဘီက တွစ်တာ လူမှုကွန်ရက်ကနေ “ရှိထားပြီးသား နျူကလီးယား သဘောတူညီချက်ကို ပြန်သွားတာ၊ အီရန်နိုင်ငံရဲ့ အခွင့်အရေးကို လေးစားတာမျိုးတွေက ဆွေးနွေးပွဲလုပ်ဖို့ လမ်းခင်းပေးပါလိမ့်မယ်” လို့ တုံ့ပြန်ရေးသားခဲ့ပါတယ်။ အမေရိကန်က အီရန်အပေါ် အခုရက်ပိုင်းအတွင်း ပိတ်ဆို့အရေးယူမှုတွေ ထပ်မံချမှတ်ဖို့  ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အမေရိကန်က ချမှတ်ဖို့ ကြိုးစားနေတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ရုရှားနဲ့ ဂျာမနီနိုင်ငံတို့က ကန့်ကွက်ထားတာလည်း ဖြစ်ပါတယ်။ အမေရိကန်ဟာ ၂၀၁၅ ခုနှစ်က အီရန်နဲ့ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်ကနေ ပြီးခဲ့တဲ့လပိုင်းက နုတ်ထွက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up