ပါကစ္စတန်အတွက် အိုင်အမ်အက်ဖ်ထောက်ပံ့ငွေ အကြွေးဆပ်ရန် ဖြစ်သွားနိုင်ဟု မိုက်ပွန်ပီယို သတိပေး

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) က ပါကစ္စတန်အစိုးရသစ်ကို ထောက်ပံ့မယ့် ငွေကြေးတွေဟာ တရုတ်ကို အကြွေးဆပ်ဖို့ ဖြစ်သွားနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက သတိပေး ပြောကြားလိုက်ပါတယ်။ ဇူလိုင် ၃၀ ရက်နေ့က စီအန်ဘီစီရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မိုက်ပွန်ပီယိုက "အမေရိကန်အနေနဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ဖြစ်လာနိုင်တဲ့ အီမာခန်းနဲ့ ထိတွေ့ဆက်ဆံသွားဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် တရုတ်ကို အကြွေးဆပ်ဖို့ ထောက်ပံ့ပေးတာမျိုးကတော့ ကြောင်းကျိုးဆီလျော်မှု မရှိဘူး” လို့ ဖြေကြားခဲ့တာပါ။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အီမာခန်းကို အိုင်အမ်အက်ဖ်ကနေ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ အထောက်အပံ့ တောင်းယူဖို့ ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတွေက အစီအစဉ်ဆွဲနေတယ်လို့ ဇူလိုင် ၂၉ ရက်နေ့ထုတ် ဖိုင်နန်ရှယ်တိုင်းမ်စ် သတင်းစာက ဖော်ပြခဲ့ပါတယ်။ ပါကစ္စတန်အစိုးရဘက်က ငွေကြေးထောက်ပံ့ဖို့ ကမ်းလှမ်းချက်မျိုး အခုချိန်ထိ မရှိသေးဘူးလို့ အိုင်အမ်အက်ဖ်အဖွဲ့ ပြောခွင့်ရအမျိုးသမီးက ပြောကြားထားပါတယ်။ ငွေကြေးအကျပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့ ပါကစ္စတန်ဟာ အခြေခံအဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းတွေအတွက် တရုတ်နိုင်ငံကနေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ချေးငွေရယူထားတာ ဖြစ်ပါတယ်။ ပါကစ္စတန်ရဲ့ အရန်နိုင်ငံခြားငွေ တည်ငြိမ်ဖို့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက် လိုအပ်နေတယ်လို့လည်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up