ပဲခူးတိုင်းတွင် အခြေခံပညာကျောင်းပေါင်း ၃၀၀ ကျော် ရေဘေးကြောင့်ပိတ်ထား
ရန်နိုင်ဇော်ဝင်း
·
July 31, 2018
ပဲခူးတိုင်းဒေသကြီးအတွင်းမှာ အခြေခံပညာ စာသင်ကျောင်းပေါင်း ၃၀၀ ကျော် ရေဘေးကြောင့် ခေတ္တပိတ်ထားရပါတယ်။
ဇွန်လ ၂၆ ရက်နေ့ကစပြီး ပိတ်ထားတဲ့ကျောင်းတွေကို လာမယ့်အပတ်ထဲမှာ ပြန်ဖွင့်နိုင်အောင် လုပ်ဆောင်နေတယ်လို့ တိုင်းပညာရေးရုံးက ညွှန်ကြားမှူးက ဒီဗွီဘီကို ပြောပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းမှာတော့ ကျောင်းတချို့တော့ ပြန်လည်ဖွင့်လှစ်တာတွေ ရှိနေပေမယ့် အရှေ့ခြမ်းက ကျောင်းတွေကတော့ ပြန်မဖွင့်နိုင်သေးဘူးလို့ လည်းပြောပါတယ်။
လက်ရှိ ကျောင်းသားတွေအနေနဲ့ ရေကြီးတာကြောင့် ကျောင်းသုံး ဖတ်စာအုပ်တွေ ပျောက်ဆုံးတာတွေ ရှိနေပါတယ်။
ရေဘေးကြောင့် ကျောင်းပိတ်ထားတဲ့ရက်တွေအတွက်ကို ပုံမှန် ကျောင်းပိတ်ရက် နှစ်ရက်ထဲက တစ်ရက်ကို ပြန်လည်သင်ကြားပေးဖို့ စီစဉ်ထားတယ်လို့ တိုင်းပညာရေးမှူး ရုံးကသိရပါတယ်။
ပဲခူးတိုင်းအတွင်းမှာ ဇူလိုင် ၃၁ ရက် နောက်ဆုံးရစာရင်းတွေအရ ကယ်ဆယ်ရေးစခန်း ၁၆၃ ခုမှာ ရေဘေးသင့်သူ အိမ်ထောင်စုပေါင်း ၁၆၀၀၀ ခိုလှုံနေရ တယ်လို့ သစ်တော သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီး ဒေါက်တာ စောညိုဝင်းက ဒီဗွီဘီကို ပြောပါတယ်။
“စခန်းဖွင့်ထားတော့ စခန်းမှာ လာနေတဲ့ ပြည်သူတွေရှိတယ်။ တချို့ပြည်သူတွေက ရေတက်နေတော့ စခန်းကိုရောက်မလာဘူး။ အခက်အခဲတော့ဖြစ်နေတယ်။ ဒီလိုမျိုးလူတွကိုလည်း ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ပြန်လည်ထူထောင်ရေး အနေနဲ့ကတော့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်မာရေးစောင့်ရှောက်မှုရော သူတို့ရဲ့ အိမ်တွေထဲ ရေဝင်ရောက်မှုအပေါ် လိုအပ်ချက်တွေကို ထောက်ပံ့ပေးဖို့ စနစ်တကျပြန်လည် လုပ်ဆောင်သွားမှာပါ”
တိုင်းဒေသကြီး အစိုးရရဲ့ အလှူစာရင်းရရှိထားတဲ့ ပစ္စည်းတန်ဖိုး ကျပ်သိန်း ၁၃၀၀ ကျော်ရှိပြီး ပဲခူးတိုင်း တခုလုံးမှာ ဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေ အကုန်လုံးကို ထောက်ပံ့ပေးနေသလို လက်ခံရရှိထားတဲ့ ငွေသား ကျပ်သိန်း ၃၅၀ လောက်ကိုတော့ မသုံးစွဲရသေးဘူးလို့ ပြောပါတယ်။
နောက်နှစ်တွေမှာ ခုလိုရေကြီးရေလျှံတာတွေမဖြစ်ပေါ်စေဖို့ ရေကြီးတဲ့မြို့နယ်တွေက မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ဆည်တွေနဲ့ ရေနုတ်မြောင်းတွေကို စာရင်းပြုစုပြီး တိုင်းအစိုးရအဖွဲ့နဲ့ နိုင်ငံတကာပညာရှင်တွေ၊ ဌာနဆိုင်ရာတွေအားလုံး ချိတ်ဆက်ပြီး ရေကြီးရေလျှံမှု သက်သာ လျှော့နည်းအောင် လုပ်ဆောင်သွားမယ်လို့ လည်းသိရသည်
ပဲခူးတိုင်းမှာ ဇူလိုင်လ တတိယပတ်ကစပြီး မိုးအဆက်မပျက်ရွာသွန်းကာ မြစ်ရေတက်လာတာ ကြောင့် မြို့တွေရွာတွေမှာ ဒေသခံတွေ ရေကြီးမှုတွေနဲ့ ကြုံတွေ့ နေကြရတာဖြစ်ပါတယ်။
ရန်နိုင်ဇော်ဝင်း၊ နေလင်းထိုက်