Home
မြန်မာသတင်း
ရန်ကုန်-မော်လမြိုင်ရထားများ ယာယီရပ်ဆိုင်း၊ ရန်ကုန်- မန္တလေးရထား ပုံမှန်ပြန်ပြေးဆွဲ
အာကာ
·
July 31, 2018
ရေကြီးရေလျှံမှုတွေကြောင့် အခက်ခဲဖြစ်နေတဲ့ ရထားလမ်းကြောင်းတွေထဲက ရန်ကုန်-မန္တလေး လမ်းကြောင်းကို ပုံမှန်ပြန်လည်ပြေးဆွဲနေပြီး ရန်ကုန်-မော်လမြိုင် လမ်းကြောင်းကိုတော့ ယာယီရပ်ဆိုင်းထားကာ ရေပြန်ကျမှ ပြန်လည်ပြေးဆွဲနိုင်မယ်လို့ မြန်မာ့မီးရထားက ပြောပါတယ်။ ရေကြီးရေလျှံမှုတွေ အဓိက ဖြစ်နေတဲ့ ဒေသတွေထဲက ရန်ကုန်-မန္တလေး လမ်းပိုင်းနဲ့ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွေဟာ ဇူလိုင်လ တတိယပတ်ကစပြီး အခက်ခဲဖြစ်ပေါ်ခဲ့တာပါ။ ရထားလမ်းကြောင်းတွေဟာလည်း ခရီးစဉ်အစအဆုံး မပြေးဆွဲနိုင်ဘဲ ခရီးစဉ်တဝက် အနေနဲ့သာ ပြေးဆွဲနေရတာ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းတွေထဲက ရန်ကုန်-မန္တလေး လမ်းကြောင်းကို ဒီနေ့  ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းကစပြီး ပုံမှန်အတိုင်း အစုန်အဆန် ပြန်လည်နေပြီလို့ မြန်မာ့မီးရထားကပြောပါတယ်။ မြန်မာ့မီးရထား၊ တိုင်းအမှတ် ၇ က လက်ထောက်မန်နေဂျာဦးကျော်မျိုးလွင်က “မနေ့က ညနေအထိ အစုန်အဆန်လမ်းကြောင်း ၂ ခုမှာ တခုထဲကို သုံးပြီး အစုန်ရောအဆန်ရော ပြေးဆွဲခဲ့ပါတယ်။ ဒီနေ့ မွန်းလွဲ ၁၁ နာရီဝန်းကျင်ကစပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပါပြီ” လို့ ပြောပါတယ်။ ဒါပေမယ့် မွန်ပြည်နယ်မှာ လက်ရှိအချိန်အထိ ရေပြန်မကျသေးတာကြောင့် ခရီးစဉ် အပြည့် မပြေးဆွဲနိုင်သေးပါဘူး။ ဒါ့အပြင် မိုးအဆက်မပြတ် ရွာနေတာကြောင့် ဒုံဝန်းဘူတာနဲ့ နှင်းပုလဲ ဘူတာကြားက တံတားအမှတ် ၇၄ ရဲ့တိုင် ရေတိုက်စားလို့ ပျက်စီးသွားပြီး ရေပြန်ကျသွားမှတံတားကို ပြန်ပြင်ကာ ပုံမှန်အတိုင်း ပြေးဆွဲနိုင်မယ်လို့  ဆိုပါတယ်။ ဦးကျော်မျိုးလွင်က “တံတားက ပြင်တာ မကြာဘူး အလွန်ဆုံး၂ရက်ပါ။ အဓိကက ရေပြန်ကျဖို့ပါ။ ရေကျမှပြင်လို့ ရပါမယ်။ ပြင်ဖို့ ပစ္စည်းတွေအစ အသင့်ထား ထားပါတယ်”လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024