Home
မြန်မာသတင်း
မူးယစ်အထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားသည့်အမှု ၇၇ မှုရှိ၊ ၁၁၉ ဦး ဖမ်းမိ
ပိုင်စိုး
·
July 31, 2018
မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန ဖွင့်လှစ်ပြီး တလအကြာမှာ မူးယစ်ဆေးဝါး အမှုပေါင်း ၇၇ မှု၊ တရားခံ ၁၁၉ ယောက်ကို ဖမ်းဆီး ရမိခဲ့တယ်လို့ သမ္မတရုံးက မနေ့က ထုတ်ပြန်ပါတယ်။ တိုင်ကြားရေးဌာန စတင်ဖွင့်လှစ်တဲ့ ဇွန်လ ၂၇ ရက်ကနေ ဇူလိုင် ၂၈ ရက်အထိ စုံစမ်း ဖော်ထုတ်ချက်တွေအရ ၄၆ မှု ဖွင့်လှစ် အရေးယူခဲ့ပြီး တရားခံ အမျိုးသား  အယောက် ၁၀၀၊ အမျိုးသမီး ၁၉ ယောက်၊ စုစုပေါင်း ၁၁၉ ယောက်တို့ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အမှုတွေကနေ ဘိန်းဖြူ ၅၉၃ ဒသမ ၁၂ ဂရမ်၊ ဘိန်းစိမ်း ၃၁၃၂၆ ဂရမ်၊ ဘိန်းမည်း ၃၀ ဂရမ်၊ အဝတ်ဘိန်း(အဆင့်နိမ့်ဘိန်း)  ၁၀ ဂရမ်၊ ဘိန်းစာမှုန့် ၁၄၆၂ ဂရမ်၊ ဆေးခြောက် ၁၃၁ ဒသမ ၀၈ ဂရမ်နဲ့ စိတ်ကြွဆေးပြား ၁၇၃၇၅ ပြား စတာတွေ သိမ်းဆည်းရမိတယ်လို့လည်း ဆိုပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနား၊ မန္တလေးတိုင်း ရမည်းသင်း၊ စဥ့်ကူး၊ ရှမ်းပြည်နယ် ရပ်စောက်၊ ကွတ်ခိုင်၊ မကွေးတိုင်း တောင်တွင်းကြီး၊ ဂန့်ဂေါ၊ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်၊ တနင်္သာရီတိုင်း ဘုတ်ပြင်း၊ ပုလော၊ ပဲခူးတိုင်း ဆွာ၊ ဧရာဝတီတိုင်း မအူပင်၊ ရန်ကုန်တိုင်း ဒလနဲ့ မွန်ပြည်နယ် ဘီလူးကျွန်းတို့က ဖမ်းဆီးရမိခဲ့တာပါ။ အခုအချိန်ထိ ပြည်နယ်တွေထဲက ရှမ်းနဲ့ ကချင်ကပဲ ဖမ်းဆီးခဲ့တာရှိပြီး တိုင်းတွေမှာတော့ နေပြည်တော်အပါအဝင် အားလုံးမှာ တိုင်ကြားဖမ်းဆီးတာတွေ ရှိခဲ့တာပါ။ ဒီတပတ်ဖမ်းဆီးတာထဲမှာ ထူးခြားတာကတော့ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်က အမှုတခုမှာ တိုင်ကြားခံရသူရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေရာမှာ မူးယစ်ဆေးဝါးနဲ့ တခြားဥပဒေနဲ့ မလွတ်ကင်းတာတွေ မတွေ့ပေမယ့် ကျော်စောမှုနဲ့ အရေးယူဖို့ မြို့နယ်စီမံခန့်ခွဲကော်မတီက ဆုံးဖြတ်ပြီး ဖမ်းဆီးခဲ့တာပါ။ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်က အမှုတခုမှာဆိုရင်လည်း မူးယစ်ဆေးရောင်းချ နေတာ ၄ နှစ်လောက်ရှိပြီလို့ တိုင်ကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။ နောက်တခုကတော့ ပဲခူးတိုင်း ဆွာမြို့ရဲ့ အထက်တန်းကျောင်းဘေးမှာ မူးယစ်ဆေးဝါး ရောင်းချသူတွေကို တိုင်ကြားဖမ်းဆီးခဲ့တာပါ။ ပြီးတော့ ဧရာဝတီတိုင်း မအူပင်မြို့နယ်က တိုင်ကြားခံရသူ အမျိုးသမီးတွေကို ဖမ်းဆီးရာမှာ ဓားနဲ့ရန်ရှာတဲ့အပြင် ခန္ဓာကိုယ်ကို ရှာဖွေရာမှာလည်း သနပ်ခါးတုံးနဲ့ထုလို့ ရဲမေတယောက် ဒဏ်ရာရခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်မှာလည်း တိုင်ကြားခံရသူတွေကို ဖမ်းဆီးရာမှာ ဓားနဲ့ ရန်ပြုလို့ ပစ်ခတ်ဖမ်းဆီးခဲ့ရသေးတယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး သတင်းပေး တိုင်ကြားနိုင်ဖို့ မူးယစ်ဆေးဝါး အထူး သတင်း တိုင်ကြားရေး ဌာနကို ဇွန်လ ၂၆ ရက်က သမ္မတရုံးမှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ မူးယစ်ဆေးဝါးတွေ ပိုမိုဖမ်းဆီးနိုင်ဖို့ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေကို တိုင်ကြားနိုင်တဲ့အပြင် အထူးကိစ္စတွေနဲ့ ကြီးမားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ ကိစ္စတွေကို သမ္မတရုံးမှာ ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန ဖုန်း ၀၆၇- ၅၉၀ ၂၀၀၊ ဖက်စ် ၀၆၇- ၅၉၀ ၂၃၃ နဲ့ အီးမေးလ် [email protected] ကို တိုင်ကြားနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024