အမေရိကန်အထိ ရောက်နိုင်သည့်ဒုံးကျည် မြောက်ကိုရီးယား တည်ဆောက်နေသည့် လက္ခဏာ မြင်ရ

ဓာတ်ပုံ - KCNA
မြောက်ကိုရီးယားဟာ အမေရိကန်နိုင်ငံအထိ ရောက်နိုင်တဲ့ ပထမဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေ ထုတ်လုပ်တဲ့ စက်ရုံကနေ ဒုံးကျည်အသစ် တည်ဆောက်နေတဲ့ လက္ခဏာတွေ မြင်နေရတယ်လို့ အမေရိကန် သူလျှိုအေဂျင်စီတွေနဲ့ နီးစပ်တဲ့ အမေရိကန် အရာရှိတွေကို ကိုးကားပြီး နိုင်ငံတကာ မီဒီယာတွေက ဇူလိုင် ၃၁ ရက်မှာ ပြောလိုက်ပါတယ်။ အသစ်ရတဲ့ သက်သေတွေထဲမှာ လတ်တလော သီတင်းပတ်တွေအတွင်း ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေလည်း ပါတယ်၊ ပြုံယမ်းမြို့စွန်က ဆားနမ်းဒုမ်အရပ်မှာရှိတဲ့ စက်ရုံကနေ လောင်စာရည်သုံး တိုက်ချင်းပစ် ICBMs ဒုံးကျည် အနည်းဆုံးတစီးကို တည်ဆောက်နေတာ ပြနေတယ်လို့ အရာရှိတွေကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းစာက ပြောပါတယ်။ အလုပ်ဘယ်လောက် ပြီးစီးနေပြီလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ အရာရှိတယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန် ၂ နိုင်ငံ ခေါင်းဆောင်တွေရဲ့ ပထမဆုံး အစည်းအဝေးအပြီး ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးအတွက် အတူလက်တွဲလုပ်ဖို့ ခေါင်းဆောင် ၂ ယောက်ကြား ကတိပြုခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ နျူကလီးယား ခြိမ်းခြောက်မှု မလုပ်တော့ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ ဒါပေမယ့် နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ် အဆုံးသတ်ရေး မြောက်ကိုရီးယားခေါင်းဆောင်ဆီကနေ ခိုင်မာတဲ့ကတိကို သေချာရအောင် မလုပ်ခဲ့ဘဲ အလျှော့ပေး လိုက်လျောမှုအတွက် ထရမ့်ဟာ အဝေဖန်ခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up