Home
မြန်မာသတင်း
ရေကြီးမှုကြောင့် မွန်ပြည်နယ်မှာ စားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်
DVB
·
July 31, 2018
မွန်ပြည်နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် စားသောက်ကုန်ဈေးနှုန်းတွေအဆမတန် မြင့်တက်နေတယ်လို့ မော်လမြိုင်ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။ ရေကြီးမှုကြောင့် စပါးလယ်ယာစိုက်ခင်းတွေနဲ့ သီးနှံစိုက်ခင်းတွေပျက်ဆီးခဲ့ပြီး ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဘဲဥ၊ ကွမ်းရွက်၊ ငါး၊ ကြက်သွန်၊ စက်သုံးဆီတွေနဲ့ ဟင်းသီးဟင်းရွက်တွေ စတဲ့အခြေခံစားသောက်ကုန်တွေ ဈေးအဆမတန်မြင့်တက်နေတယ်လို့ စားသောက်ကုန်တွေ လက်လီပြန်လည်ရောင်းချနေတဲ့ ဈေးသည်တွေဆီက သိရပါတယ်။ ကုန်ဈေးနှုန်းအဆမတန် မြင့်တက်နေလို့ ပြန်လည်ဝယ်ယူရောင်းချမှု ယာယီရပ်နား ထားရကြောင်း စားသောက်ကုန်တွေ တပိုင်တနိုင် လက်လီပြန်လည်ရောင်းချနေတဲ့ ဒေါ်အုန်းကြည်က ပြောပါတယ်။ “ပေါ်ဆန်းမွှေး အဖွားဝယ်တာ  ၁၂ ပြည်အိတ်ကို ၂သောင်း၂ ထောင်ပေးရတယ်။ အရင်က ၁ သောင်း ၃ ထောင်လောက်ပဲပေးရတယ်။ ကြက်သွန်တွေလည်း ဈေးတက်တယ်။ ပထမ ၀ယ်တုန်းက တစ်အိတ်ကို ၆ ထောင်ပဲ။နောက် ၇ ထောင်ဖြစ်သွားပြီ။အရင်တုန်းကဆို တစ်ပိဿာမှ ၇၀၀ ပဲ။ဆီထုတ်တောင် ခါတိုင်းဝယ်တာ ၁၂၀၀ အခု ၁၃၅၀ တဲ့။ ၀ယ်မရောင်းတော့ဘူး။ ကြက်ဥတောင်မှ အရင်က ၁၃၀ ဆိုတော့ ၁၅၀ ပြန်ရောင်း ရင်ကိုက်တယ်။ အခု ၁၄၅ ကျပ်ဝယ်ရတော့ အလုံး ၃၀ ကုန်မှ ၃၀၀ ပဲမြတ်လို့ မရောင်းတော့ဘူး။ ဆားတွေလည်း အဖွားဝယ်တုန်းက အရင်တုန်းက အိုင်အိုဒင်းဆား ၁ ထုပ်ကို ၅၀၀ ကနေ ၇၀၀။ အခု ၁၂၀ ဖြစ်နေလို့ ၁၅၀ ပြန်ရောင်းနေရတယ်။” ဆိုင်ကယ်အငှားယာဉ်မောင်း ဦးမောင်မောင်ကာ ကလည်း “ဆန်ဈေးကတော့ တက်နေတာပဲ။ ငါးလည်း ဈေးတက်တယ်။ အခု ဆိုရင် ၁ သောင်းဈေး၊ အရင်တုန်းက ၆ ထောင်၊ ၇ ထောင်ပဲ။မနေ့က ၀ယ်တာ ငါးကွင်းရှပ်က ၁ သောင်းဈေးရှိတယ်။ ဆန်ကြမ်းတောင်မှ ၁၅၀၀ (တပြည်)လောက်ဖြစ်နေပြီဆိုတော့ ဆန်ချောဆို ၃၀၀၀ လောက်ရှိမယ်။ကုန်ဈေးနှုန်းမတက်ဖို့ တို့ဆင်းရဲသားတွေကတော့ တောင်းဆိုချင်တာပေါ့။ ကုန်ဈေးနှုန်းကို ထိန်းနိုင်ရင်တော့ ပိုကောင်းတာပေါ့” လို့ပြောပါတယ်။ လက်ရှိမှာ ရာသီဥတုသဘာဝဘေးဒဏ်တွေခံစားနေရပြီး ကုန်ဈေးနှုန်းပါ ကြီးမြင့်လာတဲ့ အတွက် စားဝတ်နေရေးအခက်ခဲနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ရေကြီးတယ်။ လမ်းသွားလာရေး အဆင်မပြေဘူး။ ကုန်ဈေးနှုန်းတွေကြီးတယ်။ ဆန်ကအစ ဆီကအစ အကုန်လုံးပေါ့။ အောက်ဆုံး ကန်စွန်းရွက်က အစ တစ်စီးကို ၃၀၀ ရောင်းကြတယ်။ ပြည်သူလူထုတွေက ဘာတွေဖြစ်ကုန်လဲဆိုတော့ စားဝတ်နေရေး အဆင်မပြေဘူး။ ပညာရေးကအစ သွားလာရေးတွေအဆင်မပြေတော့ဘူး”လို့ ယွန်းဝတီ ထမင်းဆိုင်ပိုင်ရှင် ဦးအောင်မြင့်ကပြောပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့လို့ အဝေးပြေးကားလမ်းတွေပိတ်ထားခဲ့ရပြီး ၄ ရက်တာအတွင်း ကုန်ဈေးနှုန်းအဆမတန် မြင့်တက် ခဲ့ပြီး ဇူလိုင် ၃၀ ညနေပိုင်းမှာ ရေအနည်းငယ်ပြန်ကျလို့ ယာဉ်သွားလမ်းတွေကို ပြန်လည် ဖွင့်ပေးခဲ့ပြီးဖြစ်ပေမယ့်လည်း ဈေးပြန်လည်ကျဆင်းမှုမရှိသေးဘဲ ဆက်လက်မြင့် တက်နေပါတယ်။ သတင်း - အာကာမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024