Home
မြန်မာသတင်း
ဖြူးမြို့နယ်တွင် စပါးစိုက်ဧက ၁၅ဝဝဝ ကျော် ရေနစ်မြုပ်
DVB
·
July 30, 2018
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အတွင်းမှာ ရေကြီးရေလျှံနေတဲ့အတွက် စပါးစိုက်ဧက ၁၅,ဝဝဝ ကျော် ရေနစ်မြုပ်နေပြီး စာသင်ကျောင်းပေါင်း ၃ဝ ကျော် ပိတ်ထားရကာ ကျေးရွာပေါင်း ၁၆ ရွာကို ရေဝင်ရောက်နေပါတယ်။ ဖြူးမြို့နယ်အတွင်းမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး စစ်တောင်းမြစ်ရေ မြင့်တက်လာတဲ့ အတွက် ကျေးရွာ ၁၆ ရွာကို မြစ်ရေဝင်ရောက်ခဲ့တာဖြစ်ပြီး မြစ်ချောင်းတွေနဲ့နီးတဲ့ လယ်ယာမြေတွေကိုလည်း ရေဝင်ရောက်ခဲ့တာပါ။ ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတဦးက "ဒီနေ့အချိန်အထိ လယ်တွေထဲ ရေဝင်တာ ဧကပေါင်း တသောင်းခွဲကျော်သွားပြီ။ ရေနစ်မြုပ်တဲ့အဆင့်ပေါ့။ ပျက်စီးမှုရှိမရှိ ဆိုတာကတော့ ရေပြန်ကျသွားမှပဲ သိရပါမယ်။ အခုတော့ ရေနစ်မြုပ်နေတဲ့ စာရင်းတွေ ကောက်နေပါတယ်" လို့ ပြောပါတယ်။ ဖြူးမြို့နယ်မှာ ဇူလိုင် ၂၃ ရက်ကတည်းက ရေစတင်ကြီးလာခဲ့ပြီး အခုအချိန်ထိ ရေကြီးရေလျှံမှုကြောင့် ကျေးရွာချင်းဆက် လမ်းပျက်စီးတာ၊ တံတားအချို့ ပျက်စီးတာ ရှိခဲ့ပေမယ့် ဆက်သွယ်ရေး ပြတ်တောက်တာနဲ့ အရေးပေါ်ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ရတာ မရှိဘူးလို့ ဆိုပါတယ်။ ဖြူးမြို့နယ်အတွင်းရှိ ဆည်နှစ်ခုဖြစ်တဲ့ ဖြူးချောင်းဆည်နဲ့ ကွင်းချောင်းဆည်တွေမှာလည်း စိုးရိမ်စရာ မရှိကြောင်းနဲ့ ဖြူးချောင်းဆည်မှာ ရေသိုလှောင်နိုင်တဲ့ ပမာဏအောက် ၆ ပေခန့် လျော့နည်းနေပြီး ကွင်းချောင်းဆည်ဟာလည်း သိုလှောင်နိုင်တဲ့ ရေပမာဏအောက် ၁၃ ပေခွဲလောက် လျော့နည်းနေတယ်လို့ သိရပါတယ်။ သတင်း-  ကျော်အောင်(ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024