ရေဘေးကူညီကယ်ဆယ်စဉ် မျောပါသွားသည့် စစ်သည် ၃ ဦးထဲမှ ၁ ဦးအလောင်း ပြန်တွေ့
DVB
·
July 30, 2018
မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ရေဘေးသင့်ဒေသခံပြည်သူတွေကို ကူညီကယ်ဆယ်စဉ် ရေစီးနဲ့အတူ မျောပါသွားခဲ့တဲ့ စစ်သည် ၃ ဦးအနက် စစ်သည် ၁ ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပြီး ကျန်စစ်သည် ၂ ဦးကို ဆက်လက်ရှာဖွေနေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၅ ရက်က ဘီးလင်းမြို့နယ်မှာ ရေကြီးရေလျှံတဲ့အတွက် နယ်မြေခံ တပ်မတော်သားတွေက ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရေဘေးကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ် ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းက ရေစီးနဲ့အတူ မျောပါပျောက်ဆုံး သွားခဲ့တဲ့ စစ်သည် ၃ ဦးအနက် စစ်သည် ၁ ဦးရဲ့ ရုပ်အလောင်းကို ဒီနေ့ နေ့လယ်ပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့တာပါ။
အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာကို နယ်မြေခံတပ်မတော်သားတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ရေကူး ကျွမ်းကျင်သူတွေ ပူးပေါင်းပြီး စစ်သည် ၃ ဦး မျောပါရာ ရေစီးကြောင်းတလျှောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ နေ့လယ် ၁၁ နာရီ ၄ဝ မိနစ်လောက်က မစောတံတားရဲ့ တောင်ဘက်မီတာ ၅ဝဝ ခန့်အကွာ နေရာရှိ ရေအောက်ချုံနွယ်တွေအတွင်း ငြိတွယ်နေတဲ့ စစ်သည် ၁ ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်စစ်သည် ၂ ဦးကို ဆက်လက်ရှာဖွေနေတယ်လို့ ထုတ်ပြန်ပါတယ်။