ရေဘေးကူညီကယ်ဆယ်စဉ် မျောပါသွားသည့် စစ်သည် ၃ ဦးထဲမှ ၁ ဦးအလောင်း ပြန်တွေ့

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ရေဘေးသင့်ဒေသခံပြည်သူတွေကို ကူညီကယ်ဆယ်စဉ် ရေစီးနဲ့အတူ မျောပါသွားခဲ့တဲ့ စစ်သည် ၃ ဦးအနက် စစ်သည် ၁ ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပြီး ကျန်စစ်သည် ၂ ဦးကို ဆက်လက်ရှာဖွေနေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၅ ရက်က ဘီးလင်းမြို့နယ်မှာ ရေကြီးရေလျှံတဲ့အတွက် နယ်မြေခံ တပ်မတော်သားတွေက ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရေဘေးကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ် ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းက ရေစီးနဲ့အတူ မျောပါပျောက်ဆုံး သွားခဲ့တဲ့ စစ်သည် ၃ ဦးအနက် စစ်သည် ၁ ဦးရဲ့ ရုပ်အလောင်းကို ဒီနေ့ နေ့လယ်ပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့တာပါ။ အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာကို နယ်မြေခံတပ်မတော်သားတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ရေကူး ကျွမ်းကျင်သူတွေ ပူးပေါင်းပြီး စစ်သည် ၃ ဦး မျောပါရာ ရေစီးကြောင်းတလျှောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေ့ နေ့လယ် ၁၁ နာရီ ၄ဝ မိနစ်လောက်က မစောတံတားရဲ့ တောင်ဘက်မီတာ ၅ဝဝ ခန့်အကွာ နေရာရှိ ရေအောက်ချုံနွယ်တွေအတွင်း ငြိတွယ်နေတဲ့ စစ်သည် ၁ ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်စစ်သည် ၂ ဦးကို ဆက်လက်ရှာဖွေနေတယ်လို့ ထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up