ဘားအံ စက်လှေနစ်မြုပ်မှုမှ ပျောက်ဆုံးသူ ၃ ဦးအလောင်း ပြန်တွေ့
DVB
·
July 30, 2018
ဘားအံမြို့နယ် သာယာကုန်းကျေးရွာ အရှေ့ကုန်း (နောင်ရွှေကွင်း) အနီး ခရီးသည် ၅ ဦး စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တင် စက်လှေတိမ်းမှောက်ခဲ့ရာမှာ ရေနစ်ပျောက်ဆုံးနေသူ ၃ ဦးရဲ့ အလောင်းကို ဇူလိုင် ၂၉ ရက် နေ့လယ်မှာ ပြန်တွေ့ခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့မှ ဦးကျော်သူအောင်က “စက်လှေသွား လမ်းဟောင်းနားမှာဖြစ်တာ။ စက်လှေကတော့ တလမ်းလုံး မောင်းလာတာ အကောင်းပဲ။ အနားရောက်ကာမှ မိုးသက်လေပြင်းကြောင့် စက်လှေက ရေဝင်ပြီး နစ်သွားတာလို့တော့ ပြောတယ်။ စက်လှေတိမ်းမှောက်တဲ့ ကိုက် ၁၀၀ လောက်အကွာမှာ ပျောက်ဆုံးနေတဲ့အလောင်း ၃ လောင်းလုံး ပြန်တွေ့ခဲ့တယ်” လို့ ပြောပါတယ်။
ဇူလိုင် ၂၈ ရက်က ဒေါ်လန်းကျေးရွာနဲ့ သာယာကုန်းကျေးရွာကို ဦးကောက်ရ (ခ) ကျော်နိုင် မောင်းနှင်ပြီး ခရီးသည် ၅ ဦးကို တင်ဆောင်လာခဲ့တာပါ။
စက်လှေတိမ်းမှောက်နစ်မြုပ်မှုကို အနီးဝန်းကျင်ကျေးရွာက ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်ရာမှာ ဦးကောက်ရ (ခ) ကျော်နိုင်၊ ဦးသိန်းဌေး၊ မအေးအေးသင်းတို့ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ဦးစိုးဌေး၊ မမေမြတ်စိုး၊ မနဒီဦးတို့ ၃ ဦးမှာ ရေစီးနဲ့အတူ မျောပါ နစ်မြုပ်ပြီး ပျောက်ဆုံးခဲ့တာပါ။
အိန္ဒုနယ်မြေရဲစခန်းက စက်လှေမောင်းသူကို အမှုဖွင့်အရေးယူထားတယ်လို့ ရဲအုပ်လှငွေက ပြောပါတယ်။
ရဲမင်းခေါင်