Live
Home
မြန်မာသတင်း
အကယ်ဒမီပိုင်ဖြိုးသုနှင့် ဒေါက်တာ စိုးညီညီထွန်းတို့ကို ကျန်းမာရေးသံတမန်အဖြစ် ခန့်
DVB
·
July 29, 2018
အကယ်ဒမီပိုင်ဖြိုးသုနဲ့ စာရေးဆရာ ဒေါက်တာစိုးညီညီထွန်းတို့ကို ကျန်းမာရေးသံတမန်အဖြစ် ဒီနေ့ ခန့်အပ်လိုက်ပါတယ်။ ဒီနေ့မနက်က ရန်ကုန်မှာ ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ် မိတ်ဆက်ပွဲနဲ့အတူ ပြုလုပ်ခဲ့တာပါ။ ကျန်းမာရေးသံတမန်တွေဟာ သရုပ်ဆောင်တဲ့အခါမှာ၊ ပြည်သူတွေရဲ့ကြားမှာ သွားလာနေထိုင်ရာမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အနေအထိုင်ပုံစံတွေကို ရှောင်ကြဉ်ရမှာဖြစ်ပြီး ညီညွတ်တဲ့ပုံစံတွေကို သရုပ်ဆောင်ရာမှာ ပြောဆိုရာမှာ ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ဒီအခမ်းအနားကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ပြီး အခုအခါ တနိုင်ငံလုံး တပြေးညီ အသုံးပြုနိုင်မယ့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်ကို စတင်ထုတ်ဝေဖြန့်ဖြူးတော့မှာဖြစ်လို့ ပြည်သူလူထုရဲ့ ကျန်းမာရေးအသိပညာမြှင့်တင်ဖို့ ခိုင်မာတဲ့ အုတ်မြစ်ကို ချနိုင်ခဲ့ပြီလို့ မှတ်ယူရမယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးဟာ အဓိကကျသလို ပြည်သူလူထုရဲ့ ကျန်းမာရေးကောင်းမွန် လုံခြုံရေးကိုလည်း အရေးကြီး အခန်းကဏ္ဍတရပ်အနေနဲ့ ဖြည့်ဆည်းသွားဖို့ သတ်မှတ်ထားကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားတွေ၊ ဝေးလံခက်ခဲတဲ့ ဒေသတွေနဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေနဲ့တကွ လူမှုစီးပွားချို့တဲ့သူတွေအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှု တိုးမြှင့်ဖြည့်ဆည်းပေးနိုင်ဖို့ ဦးစားပေးဆောင်ရွက်သွားရမယ်လို့လည်း ဆိုပါတယ်။ လွယ်ကူရိုးရှင်းတဲ့ ကျန်းမာရေးအလေ့အထတွေကို မိသားစုက စတင်ရမှာဖြစ်ပြီး မိသားစုတိုင်း လုပ်နိုင်ဖို့အတွက် စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တွေ၊ ပြည်သူလူထုအခြေပြု အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေ၊ မီဒီယာတွေ၊ အနုပညာရှင်တွေရဲ့ ပူပေါင်း အင်အားနဲ့ ညီညီညွတ်ညွတ် ဆောင်ရွက်သွားမယ်ဆိုရင် အချိန်တိုအတွင်း အောင်မြင်မှုရရှိနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024