Home
မြန်မာသတင်း
မဒေါက်မြို့ ရေကာတာကျိုးပေါက်နိုင်၍ အရေးပေါ်ကြေညာ
DVB
·
July 28, 2018
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့မှာ စစ်တောင်းရေကာတာ ကျိုးပေါက်နိုင်တာကြောင့် ဇူလိုင် ၂၈ ရက် ညနေပိုင်းက အရေးပေါ်ကြေညာထားပါတယ်။ ရေကာတာနဲ့ အရမ်းနီးနေတာကြောင့် ပြည်သူတွေအနေနဲ့ ရွှေငွေပစ္စည်းတွေကို အဆင်သင့်သိမ်းထားနိုင်အောင်၊ ကလေးတွေ၊ ကိုယ်ဝန်သည်တွေ၊ သက်ကြီးရွယ်အိုတွေ အဆင်သင့်ဖြစ်အောင် နှိုးဆော်ထားတာလို့ မဒေါက်မြို့ အုပ်ချုပ်ရေးမှူး ဦးနေဇာမျိုးက ဒီဗွီဘီကို ပြောပါတယ်။ “အခုအခြေအနေက မြို့တွင်းမှာတော့ ရေက အောက်ကိုဆင်းနေတယ်။။ မြို့မ ၁ ဘက်မှာတော့ ရေကျော်ကျတာတော့ မရှိသေးဘူး။ ဆည်မြောင်း AE လည်း ရောက်နေပါပြီ။ သူတို့ကတော့ သူတို့အလုပ်သမားတွေနဲ့ အမြဲစောင့်ကြည့်နေပါတယ်။ ကျိုးပေါက်တာတွေရှိခဲ့ရင် သူတို့ဘက်က ပစ္စည်းပစ္စယတွေ ပေးမယ်၊ ကျနော်တို့ဘက်က လူအင်အားပေးဖို့ အဲ့တာတွေ ခုဆွေးနွေးနေပါတယ်။” ရေကာတာရဲ့ တချို့နေရာတွေမှာ ရေကျော်နေတာတွေ ရှိနေတာကြောင့် ရပ်ကွက်နေပြည်သူတွေ ပရဟိတအဖွဲ့တွေ၊ ဌာနဆိုင်ရာတွေ လိုက်လံတားဆီးပိတ်ဆို့နေပြီး ရေထက်တက်လာပါက ရေကာတာကျိုးကျသွားနိုင်တဲ့ အခြေအနေရှိတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေးက ပြောပါတယ်။ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့မှာ ၁၂၇၈ စင်တီမီတာနဲ့ နှစ်ပေါင်း ၅၃ အတွင်း အမြင့်ဆုံးရေမှတ်ဖြစ်ပြီး ယခင်အမြင့်ဆုံးရေမှတ်မှာ ၁၉၉၇ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ တိုင်းတာချက်အရ ၁၂၄၄ စင်တင်မီတာ ဖြစ်ပါတယ်။ မဒေါက်မြို့ စစ်တောင်းမြစ် ရေကာတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က စစ်တောင်းမြစ်ရေမဝင်နိုင်အောင် ကာကွယ်ထားတဲ့တာဖြစ်ပြီး ရေကာတာကျိုးပေါက်သွားပါက မဒေါက်မြို့၊ ညောင်လေးပင်မြို့နဲ့ ပြွန်တန်ဆာမြို့တို့အပါအဝင် ကျေးရွာအုပ်စုတော်တော်များများကို ရေလွှမ်းမိုးသွားနိုင်ပြီး လယ်မြေဧက သောင်းချီ ရေကြီးနစ်မြုပ်မှု ဒဏ်ခံရနိုင်တယ်လို့ သိရပါတယ်။ သတင်း-ဓာတ်ပုံ နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024