Home
မြန်မာသတင်း
စစ်တပ်ပိုင်လုပ်ထားသည့် မြေကို မထွန်ယက်ရန် ထပ်မံသတိပေး
အေးနိုင်
·
July 20, 2012
ပဲခူးတိုင်း နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးသက်ထွန်းဟာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ကို လာရောက်ပြီး စစ်တပ်က သိမ်းထားပြီးဖြစ်တဲ့ လယ်တွေထဲမှာ အခွင့်မရဘဲ လယ်ဝင်မထွန်ကြဖို့ တောင်သူလယ်သမားတွေကို သတိပေးခဲ့ပါတယ်။ ဦးသက်ထွန်းရဲ့ ဒီခရီးစဉ်ဟာ လွန်ခဲ့တဲ့သီတင်းပတ်တုန်းက လယ်သမားတွေက သူတို့ဆီက တပ်ပိုင်အဖြစ် သိမ်းဆည်းထားတဲ့ မြေတွေပေါ်မှာ ၀င်ရောက်ထွန်ယက် စိုက်ပျိုးခဲ့ကြတဲ့ ဖြစ်စဉ်အပြီး လာရောက်တာဖြစ်ပါတယ်။ ဇူလိုင် ၁၈ ရက်နေ့ နေ့ခင်းပိုင်း ဦးသက်ထွန်းဟာ စစ်တပ်သိမ်းထားပြီးဖြစ်တဲ့ လယ်မှာ ၀င်ထွန်ကြတဲ့ မန်ကျည်းပင်ကွင်း ကျေးရွာနဲ့ ဒေါင်းတိုက်ကျေးရွာက လယ်သမားတွေကို ခေါ်ယူပြီး ဆက်ထွန်ရင် ဖမ်းဆီး တရားစွဲဆိုခံရမယ်ဆိုတာ ထပ်မံအသိပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီတွေ့ဆုံရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ၊ မြေစာရင်းဦးစီးဌာနနဲ့ စက်ရုံမှူးတွေ တက်ရောက်ပါတယ်။ ဒီတွေ့ဆုံပွဲကို တက်ခဲ့တဲ့ လယ်သမားတဦးက “အဓိက ပြောတာကတော့ တပ်ပိုင်မြေပေါ့။ လန ၃၉ ကျပြီးပြီတို့၊ စက်ရုံရှေ့မှာ အဆောက်အဦ ဆောက်ထားတာတယ်။ လုံခြုံရေးနယ်နမိတ်အဖြစ် သတ်မှတ်တယ်။ တပ်မြေအဖြစ် သတ်မှတ်တယ်ပေါ့။ ရှေ့ဆက်ပြီး ထွန်မယ်ဆိုရင် ဥပဒေကြောင်းအရ ဖမ်းချုပ်ဖို့ ရဲဘော်တွေကို အမိန့်ပေးသွားတယ်”  လို့ ပြောပါတယ်။ အခုပြောသွားတဲ့ လယ်သမားဟာ လယ် ၁ ဧကကို ဒေသပေါက်ဈေးမှာ ၃ သိန်းခန့် ရှိတဲ့အချိန်မှာ ၄ ဧကကို တပ်ကသိမ်းပြီး လျော်ကြေးတပြားမှ မရသူဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ကတည်းက သူလယ်ကို စစ်တပ်ကသိမ်းပြီး သူကို ပြန်ပြီး သီးစားချတယ်လို့ ပြောပါတယ်။ “၈၉ ထဲက သိမ်းတာ၊ အလကား မပေးနိုင်ဘူး ကျနော်တို့ လုပ်စားရတာ။ အခု ၂၀၁၀မှာ အပြီး သိမ်းသွားတာ၊ ကျနော်တင်မကဘူး။ ကျနော်တို့ဆီမှာ ၂၀၀၄ ကတည်းက သိမ်းခံရတဲ့သူတွေလည်း ရှိတယ်။ ၂၀၀၉ မှာလည်း သိမ်းခံရတာတွေ ရှိတယ်။ အဲလူတွေက ပိုနစ်နာတာပေါ့။” လယ်သိမ်းခံရတဲ့ လယ်သမားတွေဟာ အသိမ်းမခံရတဲ့ လယ်တွေမှာ အငှားဝင်လုပ်နေရသလို တချို့ကျတော့ဖြစ်သလို လုပ်ကိုင်စားသောက်ရတဲ့အတွက် ကလေးတွေ ပညာရေးအပါအ၀င် အစစအရာရာ နိမ့်ကျနေရပြီလို့ ပြောပါတယ်။ ဒီတွေ့ဆုံပွဲမတိုင်ခင်မှာ ကိုယ့်လယ် ကိုယ်ဝင်ထွန်တဲ့ လယ်သမားတွေထဲက ၆ ဦးကို တပ်ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုခဲ့ပါသေးတယ်။ အဲဒီအမှုတွေနဲ့ပတ်သက်ပြီး လယ်သမားတွေက မသိလို့ ထွန်ယက်မိပါတယ်လို့ တောင်းပန်ခိုင်းနေပြီး တောင်းပန်ရင် အမှုပိတ်ရေး အလားလာရှိတယ်လို့ ဦးသက်ထွန်းက ပြောသွားတယ်လို့ ဆိုပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ လယ်သမားတွေဘက်က တစုံတရာ ပြန်လည်ပြောဆိုခြင်းတော့ မရှိဘူးလို့ဆိုပါတယ်။ ပန်းတောင်းမြို့နယ်နဲ့ သဲကုန်းမြို့နယ်ထဲက လယ်ယာမြေတွေကို တပ်က သိမ်းဆည်းမှုနဲ့ ပတ်သက်လို့ လယ်သမားတွေ အခက်အခဲကို သုံးသပ်ပြီး ပြန်လည်လုပ်ကိုင်ခွင့်ပြုဖို့ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး လှုပ်ရှားဆောင်ရွက်ရေးအဖွဲ့က သမ္မတဦးသိန်းစိန်ဆီ လိပ်မူတပ်ပြီး သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်နဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ထံ ဒီနေ့ စာပေးပို့ တောင်းဆိုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024