အမေရိကန်စစ်သည် ရုပ်ကြွင်းများ မြောက်ကိုရီးယား လွှဲပြောင်း

ကိုရီးယားစစ်ပွဲမှာ ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သည်တွေရဲ့ ရုပ်ကြွင်းတချို့ကို မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ကို ဇူလိုင် ၂၇ ရက်မှာ လွှဲပြောင်းလိုက်ပါတယ်။ အမေရိကန်စစ်သားတွေရဲ့ ရုပ်ကြွင်းတွေပါတဲ့ သေတ္တာ ၅၅ ခုကို မြောက်ကိုရီးယားက လွှဲပြောင်းလိုက်တာပါ။ ဒါဟာ ဇွန် ၁၂ ရက် စင်ကာပူထိပ်သီးဆွေးနွေးပွဲမှာ သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ရရှိခဲ့တဲ့ သဘောတူချက်ရဲ့ ပထမဆုံးခြေလှမ်းလည်းဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကတော့ ပြောထားတဲ့ စကားအတိုင်း အခုလို လွှဲပေးခဲ့တဲ့ ဥက္ကဋ္ဌကင်ကို ကျေးဇူးတင်တယ်လို့ အိမ်ဖြူတော်မှာလုပ်တဲ့ ပွဲတခုအတွင်း ပြောကြားထားသလို ဒီရုပ်ကြွင်းတွေဟာ ကျဆုံးခဲ့တဲ့ အမေရိကန်သူရဲကောင်း တွေဖြစ်တယ်လို့ပြောထားပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအနေနဲ့ ပျောက်ဆုံးနေတဲ့ စစ်သားတွေရဲ့ရုပ်ကြွင်းတွေကို ဆက်ပြီး ရှာဖွေပေးလိမ့်ဦးမယ်လို့ မျှော်လင့်ကြောင်းလည်း သမ္မတ ထရမ့်ကပြောပါတယ်။ ၁၉၅ဝ-၅၃ ကိုရီးယားစစ်ပွဲအတွင်းမှာ အမေရိကန်တပ်သား ၇,၇ဝဝ ကျော်ရဲ့ အလောင်းတွေ ပျောက်ဆုံးနေဆဲဖြစ်ပြီး လက်ရှိ မြောက်ကိုရီးယားနိုင်ငံထဲမှာတင် တပ်သား ၅,၃ဝဝ ကျော် ပျောက်ဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up