ထိုင်းတွင် ဘတ်သိန်းပေါင်း ၃ ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ထိုင်းနိုင်ငံ အလယ်ပိုင်း ဆင်းပူးရီးခရိုင်ထဲမှာ မြောက်ပိုင်းဘက်ကနေ သယ်ဆောင်လာတဲ့ ဘတ်သိန်းပေါင်း ၃ ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးနဲ့ အိုက်စ်မူးယစ်ဆေးတွေ ဖမ်းဆီး ရမိတယ်လို့  တိုင်းဒေသ အမှတ် ၁ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က ဆင်းပူးရီးမြို့နယ်ထဲ ဝင်ရောက်လာတဲ့ ဟိုင်းလပ်စ်ကား ၁ စီး နဲ့ ပြောင်းဖူးစေ့တွေ တင်ဆောင်လာတဲ့ ဆယ်ဘီးကား ၁ စီးတို့ကို မသင်္ကာလို့ တားဆီးစစ်ဆေးရာမှာ အဆိုပါ ပြောင်းဖူးအောက်မှာ ပလတ်စတစ်မိုးကာတွေနဲ့ ဖုံးထားတဲ့ အိတ်ပေါင်း ၅၈ အိတ်ထဲမှာ မူးယစ်ဆေးဝါးတွေ ဖြစ်နေတာ တွေ့ရှိရတာလို့  ဆင်းပူးရီးခရိုင်ရဲတပ်ဖွဲ့ ရဲမှူးကြီး ချလိုမ်ကစ်ဆီဝရခန်က ဇူလိုင် ၂၇ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ အဆိုပါ အိတ်တွေထဲမှာ စိတ်ကြွဆေးပြားပေါင်း ၁၁ သန်း ၆ သိန်း၊ အိုက်စ်ရေခဲမူးယစ်ဆေး ၇ဝ ကီလိုဂရမ် ပါရှိပြီး ခန့်မှန်းခြေ တန်ဖိုး စုစုပေါင်း ဘတ် သိန်းပေါင်း ၃ ထောင်နဲ့ ၂ဝ သိန်း ရှိကြောင်း၊  ဟိုင်းလပ်စ်ကားပေါ်မှာတော့ ဥပဒေမဲ့ပစ္စည်း တစုံတရာမပါရှိကြောင်း၊ ဒါပေမယ့် ဆယ်ဘီးကားရဲ့ လမ်းပြကားဖြစ်လို့ ကွင်းဆက်အဖြစ် ဖမ်းထားတယ်လို့ ရဲမှူးကြီးက ဆက်ပြောပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဆယ်ဘီးကား မောင်းနှင်သူ  နိုင်းကျရန်း ကန်နွန်း (၄၃ နှစ်)၊ ကားရှေ့ခန်းမှာထိုင်လိုက်လာတဲ့ သူ့ရဲ့ဇနီးဖြစ်သူ နန်းဆီခမ်း ပင်းဒါး (၃၈ နှစ်) နဲ့ ဟိုင်းလပ်စ် ကားမောင်းသူ နိုင်းချိုင်းဆဝဒီ (၄၇ နှစ်) တို့ကို ဖမ်းဆီးထားပါတယ်။ စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ အဲဒီမူးယစ်ဆေးဝါးတွေကို အခကြေးငွေနဲ့ ထိုင်းမြောက်ပိုင်း ဖယောဝ်းခရိုင်ကနေ သယ်ဆောင်လာပေးတာဖြစ်ကြောင်း၊ ဆယ်ဘီးကားမှ သယ်ဆောင်ခအဖြစ် ဘတ် ၇ သိန်းရပြီး အရှေ့က လမ်းပြအဖြစ် မောင်းနှင်လာတဲ့ ဟိုင်း လပ်ကားမောင်းသူကတော့ ဘတ် ၆ သိန်းရတယ်လို့ ဆိုပါတယ်။ ရဲမှူးကြီးက  ထိုင်းမြောက်ပိုင်းကနေ အလယ်ပိုင်းကို မူးယစ်ဆေးဝါးအချီကြီး ဝင်ရောက်လာမယ်လို့ ကြိုတင်သတင်းပေးချက်ရထားကြောင်း၊ ဒါကြောင့် အဖွဲ့တွေ ခွဲပြီး လမ်းတိုင်းလိုမှာ စောင့်ကြပ်စစ်ဆေးခဲ့လို့ ခုလိုဖမ်းမိတာဖြစ်ကြောင်း၊  မူးယစ်ဆေး ဝင်ရောက်လာရာ လမ်းကြောင်းနောက်ကို လိုက်ကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံဘက်က ဝင်လာတာ ဖြစ်ဟန်တူကြောင်း၊ မူးယစ်ဆေးတွေ အလွန်များပြားလှတဲ့အတွက် ထိုင်းနိုင်ငံ အတွင်းပိုင်းဘက်တင်မက တတိယနိုင်ငံထိပါ ဆက်လက် ပို့ဆောင်မယ်လို့ ယူဆရကြောင်း သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ မူးယစ်ဆေးဝါး သယ်ဆောင်သူတွေဟာ ပုံစံအမျိုးမျိုးနဲ့ ဖုံးကွယ်သယ်ဆောင် လာတာကြောင့် စစ်ဆေးရေး ဂိတ်တွေမှာ အိတ်စ်ရေး (ဓာတ်မှန်ရိုက်စက်) တွေ တိုးမြှင့်တပ်ဆင်သွားမယ်လို့ ရဲမှူးကြီးက ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up