ဒုတိယဝါဆိုလပြည့်နေ့ ရွှေတိဂုံစေတီတော်တွင် ဘုရားဖူးလာသူများ စည်ကား
DVB
·
July 27, 2018
ဒုတိယဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့မှာ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မှာ ဘုရားဖူးလာသူတွေနဲ့ စည်ကားနေပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ဒုတိယဝါဆိုလပြည့်နေ့ မနက် ဘုရားတက်ချိန်မှာ မိုးလေ ကင်းလွတ်နေပြီး ဘုရားဖူးလာသူတွေနဲ့ ရွှေတိဂုံစေတီတော်မှာ အထူးစည်ကားခဲ့ပါတယ်။
ရွှေတိဂုံစေတီတော် ဂေါပဂအဖွဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက “ဓမ္မစကြာကို သံပြိုင်ပေါ့နော်၊ ဂေါပကအဖွဲ့ရယ် ဘာသာရေးအသင်း ၈၂ သင်းက အသင်းသားတွေ၊ ရုံးဝန်ထမ်းတွေ စုပေါင်းပြီး ရွတ်ပါတယ်။ ဝါဆိုသင်္ကန်းကို အာရုံခံမုခ်ဦး ၄ ခုမှာရှိတဲ့ ဘုရားရှင်လေးဆူနဲ့ အထက်ပစ္စယံ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်ကို ဝါဆိုသင်္ကန်းကပ်တဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဝါဆိုလပြည့်နေ့ ဖြစ်တာကြောင့် မနက်ပိုင်းကစပြီး တိုင်းရင်းဆေးဝါးတွေ၊ ကော်ဖီ၊ အအေးနဲ့ မုန့်တွေကို စတုဒိသာ လာရောက်လှူဒါန်းသူတွေလည်း ရှိခဲ့ပါတယ်။
သရုပ်ဆောင် မော်ဒယ် ယွန်းမီမီကျော်က “ပုံမှန်ဆို ညီမတို့မိသားစုက လပြည့်နေ့ဆို လူအရမ်းများလို့ ဘုရားမလာဖြစ်ဘူး။ ကိုယ့်နေ့နံရက်မှာ လာပြီး ဆုတောင်းတာပေါ့နော်။ အဲဒီလိုမျိုးပဲ လာဖြစ်တာ။ ဒီနေ့တော့ လပြည့်နေ့ဆိုတော့ လူလည်း များတယ်။ မိဘကို လိုက်ပို့တာဆိုတော့ ကုသိုလ်လည်းရတယ်။ ဘုရားဖူးလာတဲ့သူတွေ အများကြီးပဲဆိုတော့ စိတ်ချမ်းသာစရာလည်း ကောင်းပါတယ်” လို့ ပြောပါတယ်။
ဝါဆိုလပြည့်နေ့မှာ ဘုရားဖူးပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်အောင် ဓာတ်လှေကား၊ စက်လှေကားတွေကို သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး အထူးစောင့်ကြပ်စစ်ဆေးတာတွေ ပြုလုပ်ပေးပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေကိုလည်း အင်အားဖြည့်ပြီး အစောင့်အရှောက် ချထားတယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးက ထုတ်ပြန်ပါတယ်။
ရူပါအောင်ဝင်း