တိုက်စစ်မှူးသစ် ခေါ်ယူမည်မဟုတ်ဟု ဘာစီလိုနာ နည်းပြပြော

ဘာစီလိုနာ နည်းပြသစ် ဗယ်လာနိုဗိုက ကစားသစ်တွေ ခေါ်ယူအားဖြည့်နေပေမယ့် တိုက်စစ်မှူးသစ်ကို ခေါ်ယူမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဗယ်လာနိုဗိုက “ကျနော်တို့အနေနဲ့ ရှေ့တန်းက တိုက်စစ်နေရာအတွက် တခြားတယောက်ကို ရှာမှာ မဟုတ်ပါဘူး။ အဲဒီနေရာအတွက် ကျနော်တို့မှာ အရမ်းကောင်းတဲ့ လူတယောက် ရှိပါတယ်။ သူကတော့ ဒေးဗစ်ဗီလာပါ။ သူ့ကို မြန်မြန် ကစားနိုင်အောင် တွန်းအားပေးမှာတော့ မဟုတ်ပါဘူး။ သူ အခြေအနေက လောလောဆယ် ကောင်းနေပါတယ်။ သူ ကစားနိုင်ဖို့က ကျနော်တို့အတွက် အရမ်း အရေးကြီးပါတယ်။ တိုက်စစ် နေရာအတွက် ထပ်မရှာတော့ပါဘူး။ ကလပ်အနေနဲ့ ငွေကြေးအဆင်ပြေရင် နောက်တန်း တနေရာအတွက်တော့ ထပ်ပြီး ၀ယ်ဖို့ စဉ်းစားသွားမှာပါ” လို့ ပြောပါတယ်။ နည်းပြသစ် ဗယ်လာနိုဗို လက်ထက်မှာ ပထမဆုံး ပြုလုပ်တဲ့ ဘာစီလိုနာအသင်းရဲ့ ရာသီအကြို လေ့ကျင့်ရေးကို ဇူလိုင် ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ နည်းပြသစ်ရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို ကမ္ဘာကျော် တိုက်စစ်မှူး လီယွန်နယ် မက်ဆီ အပါအ၀င် အသင်းရဲ့ နာမည်ကြီး ကစားသမားတွေ စုံစုံလင်လင် တက်ရောက်ခဲ့ပါတယ်။ အဲဒီထဲမှာ ညို့သကျည်းရိုး ကျိုးတဲ့ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက နားနေရတဲ့ တိုက်စစ်မှူး ဒေးဗစ်ဗီလာလည်း ပထမဆုံး အကြိမ်အဖြစ် ပြန်လည် ပါဝင်လာပါတယ်။ တိုက်စစ်မှူး ဒေးဗစ်ဗီလာ အခုလို ပြန်ကစားနိုင်တဲ့အပေါ် တီတို ဗယ်လာနိုဗိုက “ဒီနှစ်ထဲမှာ သူက ကျနော်တို့အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာမှာပါ။ သူ့အနေနဲ့ ပုံမှန်ခြေစွမ်းမျိုးနဲ့ ကစားနိုင်ဖို့အတွက် အချိန်တော့ ယူရပါလိမ့်မယ်။ အခုတော့ သူ စပြီး ကစားနိုင်နေပါပြီ။ အခြေအနေလည်း ကောင်းပါတယ်။ ဒါက ကျနော်တို့အတွက် အပေါင်းလက္ခဏာ ဆောင်ပါတယ်။ အခုလို ကစားနိုင်ဖို့ သူအနေနဲ့ ၁ လလောက် အချိန်ယူ လေ့ကျင့်ခဲ့ရပါတယ်”လို့ ပြောပါတယ်။ အသက် ၃၀ အရွယ် ဘာစီလိုနာနဲ့ စပိန်တိုက်စစ်မှူး ဗီလာဟာ ဂျပန်မှာ ယှဉ်ပြိုင်တဲ့ ကမ္ဘာ့တိုက်ကြီးကလပ် ပြိုင်ပွဲမှာ ရတဲ့ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲ မှာလည်း ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ ရာသီမှာ လာလီဂါ ချန်ပီယံဆုကို ရီးရဲလ်မက်ဒရစ် အသင်းဆီကို လွှဲပြောင်းပေးခဲ့ရပြီး ချန်ပီယံလိဂ်မှာလည်း ဆီမီးအဆင့်ကနေ လှည့်ပြန်ခဲ့ရတာပါ။ နည်းပြသစ် ဗယ်လာနိုဗိုဟာ ဘာစီလိုနာနဲ့အတူ ပွဲဦးထွက်အဖြစ် ဇူလိုင် ၂၄ ရက်နေ့ ရာသီ အကြိုခြေစမ်းပွဲမှာ ဟမ်းဘတ်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဘာကာဟာ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ဘောလုံး ရာသီသစ် ဩဂုတ် ၂၃ ရက်နေ့ စပိန်စူပါဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up