Live
VIP
DVB
·
July 26, 2018
VIP အသုံးကို အစိုးရရုံးဌာနများတွင်​ ​တွေ့ရတတ်​သည်​။ Very Important Person (အ​ရေးကြီးသူ) ဌာနဆိုင်​ရာ အကြီးအကဲ လူကြီးများအဖြစ် ​အများက နားလည်​ကြသည်​။ VIP ခရီးစဉ်​ရှိသည်​ဟုဆိုလျှင် ​လူကြီးလာမည်​ဟု သိကြသည်​။ သန့်​ရှင်း​ရေးများ လုပ်​ကြရသည်​။ လမ်းရှင်းကြရသည်​။ လုံခြုံ​ရေး ယူကြရသည်​။ ငယ်​သားအချို့ ထမင်းငတ်​ခံကာ VIP ခရီးစဉ် ​အဆင်​​ပြေ​စေဖို့ ပံ့ပိုးကြရသည်​။ အထက်​လူကြီးကို ကပ်​ဖားရပ်​ဖား လုပ်​သူတို့ လူလုံးထွက်​ပြကြဖို့ အလုပ်​ရှုပ်​ကြသည်​။ လူကြီး အမျက်​​တော်​မရှ​စေဖို့ မျက်​နှာချို​သွေးကြသည်​။ တူညီဝတ်​စုံများဝတ်​၍ အင်​အားပြကြသည်​။ VIP ခရီးစဉ်​သည် ​နိုင်​ငံတိုင်းလိုလိုတွင်​​ နဂို​နေမြဲအတိုင်းထက်​ပို၍ အလုပ်​များကြသည်​သာ ဖြစ်​သည်​။ ထို့​ကြောင့်ပင်​ လူကြီးဆိုသူများသည်​ အပြုအစု အယုအယ အင်​မတန်​ကြိုက်​​သော လူတန်းစားတ​ရပ်​ ဖြစ်သွားကြသည်​ ထင်​ပါသည်​။ လူကြီးများသွားလျှင် ​ထီးမိုး​ပေးကြရသည်​။ လမ်းသစ်​ဖွင့်ပွဲလို ​နေရာမျိုးတွင် လူကြီးကား လာမည်​ဖြစ်​၍​ ရေဖျန်း​ပေးထားကြပြန်​သည်​။ လက်​​အောက်​ငယ်​သားများ၏ လူကြီးများကို​ ရွှေ​ပေါ်မြတင် ထားမှု​ကြောင့်ပင် လူကြီးဆိုသူတို့သည်​ ပကတိအ​ခြေအ​နေမှန်​ကို မသိနားမလည်​သည့်သူများ ဖြစ်​လာကြသည်​။ လူကြီးဆိုသူများသည် လူအများ၏ အ​ရေးတယူ ဆက်​ဆံမှု​၊ ခွန်းတုံ့မပြန်​ဘဲ လူကြီး​ပြောသမျှ ခေါင်းငုံ့ခံနေမှုတို့​ကြောင့်ပင် လူပုံအလယ်​တွင် ဆက်​ဆံ​ရေး မ​ပြေလည်​ဘဲ လူ့သဘာဝနှင့် သဟဇာတမကျ ဖြစ်​​နေတတ်​ကြသည်​။ ဤအချက်​များသည် လက်​​အောက်​ငယ်​သားများ၏ လူကြီးတို့အ​ပေါ် ပိတ်​ပင်​ထား​သော အခွင့်အလမ်းများ ဖြစ်​ပါသည်​။ လူကြီးဆိုသူများခမျာ ကိုယ့်လက်​​အောက်​ငယ်​သားတို့၏ ဘဝမှန်​ကို မြင်​ခွင့်မရခဲ့ကြ​ပေ။ သိခွင့်ရသည့် ကိစ္စအချို့တွင်​လည်း ကြီးသည့်အမှု ငယ်​​စေ၊ ငယ်​သည့်အမှု ပ​ပျောက်​​စေ ဆိုသည့်အတိုင်း ထိမ်ချန်​သင့်သည်​များကို ထိမ်​ချန်​ထားသည့်အတွက်​​ကြောင့် လူကြီးများ၏နားတွင် ​မူလအ​ခြေအ​နေထက် ​သက်​သက်​သာသာ ကြားကြရသည်​သာ များသည်​။ လက်​​အောက်​ငယ်​သားတို့သည် လူကြီးများ၏ မျက်​နှာသာ​ပေးမှုကို လိုလားကြသည့်အတွက်​ လူကြီးများကို အဖားလွန်​ကြရာကတဆင့် လူတဦး၏အမြင်​၊ အ​တွေးတို့ကို မိမိလိုရာ​ ပြောင်းလဲကြသည်​။ အသုံးမကျသည့် လူကြီးဆိုလျှင် ​လက်​​အောက်​ငယ်​သားတို့က ပို၍ သ​ဘောကျတတ်​ကြ​သေးသည်​။ မိမိတို့​ နေချင်​သလို နေနိုင်​သည်​။ မိမိတို့ အကျင့်ပျက်​ချင်​သလို ပျက်​နိုင်​သည်​။ သို့​သော် ပြဿနာတ​စုံတ​ရာ ​ပေါ်ကြလျှင် ​လူကြီးအ​ပေါ် အပြစ်​ပုံချကာ သင်း စီမံခန့်​ခွဲမှုမ​ကောင်း၍ ဖြစ်​ရ​လေခြင်းဟု မိမိတို့ အပြစ်​​ပေါ့​အောင်​​ ရှောင်​ကြ​လေသည်။ လူကြီးဆိုသူများသည် အဘယ်​မျှ သနားစရာ​ကောင်းပါသနည်း။ လက်​​အောက်​ငယ်​သားတို့၏ သကာလူးထား​သော အဆိပ်​တို့ကို သာယာ​နေရသည့် အဖြစ်​နှင့် လူ့အခွင့်အ​ရေး ချိုး​ဖောက်​ခံ​နေကြရသူများ ဖြစ်​​လေသည်​။ လူကြီးတိုင်းသည်​ အရည်​အချင်းမရှိသူများ မဟုတ်​ကြ​ပေ။ အရည်​အချင်းပြည့်ဝ၍ လူကြီး ဖြစ်​လာရသူများ အများအပြားပင်​ ရှိပါလိမ့်မည်​။ ငါတို့လည်း ​အောက်​​ခြေကလာတာပဲဟု ဆို​သော စကားမျိုးကို လူကြီးတို့ထံမှ အမြဲလိုလို ကြားရတတ်​သည်​။ ဆိုလိုသည်​က ​အောက်​သက်​​ကျေခဲ့ပြီဆိုသည့် သ​ဘောမျိုး။ သို့​သော်​ အောက်​သက်​​ကျေခဲ့​သော လူကြီးများသည်​လည်း လက်​​အောက်​ငယ်​သားဘဝတွင်​ လူကြီးများကို ထိမ်ချန်​ထားခဲ့ကြသည့် အဖြစ်​မျိုး ရှိနိုင်​ပါသည်​။ ဌာနဆိုင်​ရာရုံးများတွင် Very Important Parson များအတွက်​ သီးသန့်​​နေရာ ဌာနများထဲတွင် ​အိမ်​သာ (သန့်​စင်​ခန်း) ၌ VIP ဟူသည့် စာတန်းများ ကပ်​ထားသည်​ကို မြင်​ဖူးကြပါလိမ့်မည်​။ အိမ်​သာ၌ VIP ဟု စာကပ်​ထားသည်​ကို မြင်​တိုင်း တွေးမိတာ တ​ခုရှိသည်​။ လူတို့သည်​ အိမ်​သာတက်​ချင်​လာလျှင် လူတိုင်း အ​ရေးတကြီး လိုအပ်​လာသည်​မှာ အိမ်​သာဖြစ်​သည်​။ မိမိအနီးအနားတွင်​ အိမ်​သာမရှိလျှင်​ ကိစ္စ​ဖြေရှင်းနိုင်​မည့် ​​နေရာတခုခုကို အ​​ရေးတကြီး ရှာကြရသည်​။ ထို့​ကြောင့် အိမ်​သာတက်​ချင်​သူတိုင်းသည် ​အ​ရေးကြီးပုဂ္ဂိုလ်​များ ဖြစ်​ပါသည်​။ သို့ပါ​သော​ကြောင့် အိမ်​သာတက်​ချင်​လာလျှင် VIP ဟု စာတန်းကပ်​ထားပါက မိမိအတွက်​ဖြစ်​သည်​ဟု မှတ်​ယူသင့်သည်​ဟု​ တွေးမိပါသည်​။ အကယ်​၍ ဤသို့မတွေး​စေချင်​လျှင်​ လူကြီးများအတွက် သီးသန့် သတ်​မှတ်​ထား​သော အိမ်​သာများတွင် ​ဤသို့ စာ​ပြောင်းလဲကပ်​သင့်သည်​ "တာဝန်​မှအပ မဝင်​ရ"။ ဤသို့ကပ်​ထားလျှင်​ ကျနော်​တို့နိုင်​ငံအ​နေနှင့်ဆိုလျှင် မည်​သူမျှ ဝင်​ကြမည်​ မဟုတ်​​ပေ။ အဘယ်​​ကြောင့်ဆို​သော် မည်​သည့်​နေရာကိုမဆို ဝင်​ချင်​တိုင်း ဝင်​၍ရသည်​မှာ လူကြီးများသာ ရှိပါသည်​။ VIP ယဉ်​​ကျေးမှုသည်​ လူသားတို့ရှိ​နေသမျှ ထွန်းကား​နေပါလိမ့်မည်​။ VIP စာတန်းများလည်း ဆက်​၍ မြင်​​နေရဦးမည်​။ လူတို့သည်​ အားလုံးအတူတူဟု ဆို​ကြ​သော်​လည်း မတူကြသည့် အချက်​​ပေါင်းများစွာ ရှိ​နေပြန်​ပါသည်​။ ဘဝသည်​ အလွှာမျိုးစုံ အဆင့်မျိုးစုံဖြင့် ရှိ​နေကြခြင်းသည်​ပင်​ သဘာဝဖြစ်​​နေသည့်အခါ တခါတရံ အဆင်​မ​ပြေမှုများနှင့် တွေ့ရ ကြုံရခြင်းပင်​ ဘဝ၏ အလှတရားဖြစ်​​ကြောင်း နှလုံးသွင်းနိုင်​ကြလျှင် ​ဘဝဟူသည် သင်​ခန်းစာယူစရာများနှင့် ပြည့်​နေပါလိမ့်မည်​။ ပန်းသီကြိုး (ရ​သေ့​တောင်​)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024