ပရီးမီးယားလိဂ် ချန်ပီယံဆု စိန်ခေါ်နိုင်မလားဆိုသည့် မေးခွန်း မော်ရင်ဟို မဖြေ

ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်မလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဖြေကြားလိုခြင်း မရှိဘူးလို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ အမေရိကန်ကို ရောက်ရှိနေတဲ့ မန်ယူအသင်းဟာ နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲ မကစားခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ချန်ပီယံဆုနဲ့ ပတ်သက်ပြီး နည်းပြ မော်ရင်ဟိုက ဖြေဆိုဖို့ ငြင်းဆန်ခဲ့တာပါ။ လက်ရှိလူစာရင်းက ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ခံစားရသလားလို့ မီဒီယာတွေရဲ့ မေးမြန်းမှုနဲ့ ပတ်သက်ပြီး အဲဒီမေးခွန်းကို မဖြေချင်ဘူးလို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။ လက်ရှိအသင်းမှာ အဓိက ကစားသမားကောင်းတွေ မပါဝင်တဲ့အပြင် အပြောင်းအရွှေ့ ကာလကလည်း သိပ်မလိုတော့တာကြောင့် ကစားသမားအင်အားပိုင်းနဲ့ ပတ်သက်ပြီး ပျော်ရွှင်မှုမရှိဘူးလို့ မော်ရင်ဟိုက ဆိုပါတယ်။ မန်ယူအသင်းအနေနဲ့ အခုနှစ် အပြောင်းအရွှေ့မှာ ချဲလ်ဆီး၊ လီဗာပူးနဲ့ အာဆင်နယ် အသင်းတို့ရဲ့ အခြေအနေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ကွဲပြားမှုတွေ မြင်ရလိမ့်မယ်လို့လည်း မော်ရင်ဟိုက ဆိုပါတယ်။ နည်းပြမော်ရင်ဟိုအနေနဲ့ နောက်ထပ် ကစားသမား ၂ ဦး အနည်းဆုံး ခေါ်ယူလိုနေပြီး လက်စတာက မက်ဂွိုင်းယား၊ စပါးက အယ်လ်ဒါဝီရယ်တို့ကို ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up