အမေရိကန်လေကြောင်းလိုင်းတွေ တရုတ်တနိုင်ငံတည်း မူဝါဒကို လိုက်နာဖို့ အမေရိကန်အစိုးရက တိုက်တွန်းပြောကြားသင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
အမေရိကန် လေကြောင်းလိုင်းတွေ အပါအဝင် တချို့လေကြောင်းလိုင်းတွေရဲ့ အင်တာနက် ဝက်ဘ်ဆိုက်မှာ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ မကာအိုတို့ကို နိုင်ငံအဖြစ် ရေးသားဖော်ပြထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဇူလိုင် ၂၄ ရက်နေ့မှာ တရုတ်က အဲဒီလို ပြောကြားလိုက်တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂန်ရွှန်းက “တရုတ်ပြည်တပြည်တည်းမူဟာ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အများသဘောတူထားတဲ့ ကိစ္စပါ။ တရုတ်ပြည်တပြည်တည်းဆိုတဲ့ မူကို လိုက်နာခြင်းဟာ တရုတ်-အမေရိကန် ဆက်ဆံရေး တည်တည်ငြိမ်ငြိမ် ဖွံ့ဖြိုးတိုးတက်စေမယ့် နိုင်ငံရေးအခြေခံဆိုတာ အမေရိကန်ဘက်က အလွန်ရှင်းရှင်းလင်းလင်း သိထားပြီးသားပါ။ တရုတ်ပြည်တပြည်တည်းဆိုတဲ့မူဟာ နောက်ထပ် ဆွေးနွေးညှိနှိုင်းစရာကို မလိုတော့တဲ့ကိစ္စ ဖြစ်ပါတယ်။
“သက်ဆိုင်ရာ ကုမ္ပဏီတွေအနေနဲ့ တရုတ်ပြည်တပြည်တည်းဆိုတဲ့ မူကို တိတိကျကျ လေးစားလိုက်နာဖို့၊ ကုမ္ပဏီတွေရဲ့ ဝက်ဘ်ဆိုက်မှာ ရေးသားထားတဲ့ သတင်းအချက်အလက် အမှားတွေကို အမြန်ဆုံးပြင်ဆင်သွားဖို့ အမေရိကန်အစိုးရအနေနဲ့ တိုက်တွန်းသွားလိမ့်မယ်လို့ တရုတ်က ယုံကြည်ပါတယ်” လို့ ပြောကြားသွားပါတယ်။
လေကြောင်းကုမ္ပဏီတွေအနေနဲ့ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ မကာအိုတို့ကို နိုင်ငံဆိုပြီး ရေးသားသုံးစွဲခွင့်ကို ဇူလိုင် ၂၅ ရက် နောက်ဆုံးထားပြီး သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။
အဲဒီနောက်ဆုံးကာလကို ရက်သက်တမ်းထပ်မံတိုးပေးဖို့ အမေရိကန် လေကြောင်းလိုင်းတချို့ အပါအဝင် လေကြောင်းလိုင်း ၆ ခုက လျှောက်ထားခဲ့တယ်လို့ စီစီတီဗွီ သတင်းမှာ ဖော်ပြထားပါတယ်။