တရုတ်တွင် ပြဿနာဖြစ်နေသည့် ကာကွယ်ဆေးကိစ္စ စုံစမ်းစစ်ဆေးမှု စတင်

ဓာတ်ပုံ - AFP
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်းပြည်နယ်နဲ့ အရှေ့ပိုင်း ရှန်တုံးပြည်နယ်တွေက စည်းကမ်းလိုက်နာမှု စစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တွေဟာ ပြဿနာဖြစ်နေတဲ့ ကာကွယ်ဆေးကိစ္စကို ဇူလိုင် ၂၄ ရက်က စပြီး စုံစမ်းစစ်ဆေးနေပါတယ်။ ချန်ချွင်းချန်ရှန်း Life Sciences Co,. Ltd., ရဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌ အပါအဝင် လူ ၁၅ ယောက်ကို အရေးယူထားတယ်လို့ ကျိလင်းပြည်နယ် ပြည်သူ့လုံခြုံရေး ဗျူရိုက ပြောပါတယ်။ တာဝန်ကို တမင်သက်သက် ပျက်ကွက်မှု သံသယနဲ့ မြို့တွင်း အစားအစာနဲ့ ဆေးဝါးစီမံရေး အရာရှိတွေကို ပြင်းပြန်းထန်ထန် အပြစ်ပေးဖို့ ရဲတွေက ကတိပြုခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံပြင်ဆင်မှု၊ ထုတ်လုပ်မှုနဲ့ လုပ်ငန်းလည်ပတ်မှု ဖြစ်စဉ်တွေထဲမှာ အဂတိလိုက်စားမှု အလားအလာကို လုပ်ငန်းအဖွဲ့က စစ်ဆေးနေပါတယ်။ တရားမဝင် ခွေးရူးပြန်ကာကွယ်ဆေးတွေ ရှန်တုံးပြည်နယ် ဈေးကွက်ထဲကို ဘယ်လိုစီးဝင်လာတယ်ဆိုတာ စုံစမ်းစစ်ဆေးဖို့ လုပ်ငန်းအဖွဲ့ကို စည်းကမ်းလိုက်နာမှု စစ်ဆေးရေးအဖွဲ့နဲ့ ကြီးကြပ်ရေး ကော်မရှင်တို့က ဖွဲ့စည်းခဲ့ပါတယ်။ ကုမ္ပဏီဟာ အေးခဲ အခြောက်ခံထားတဲ့၊ လူကိုထိုးရတဲ့ ခွေးရူးပြန် ကာကွယ်ဆေး ထုတ်လုပ်မှုအတွင်း ထုတ်လုပ်မှုနဲ့ စစ်ဆေးခံယူမှုဆိုင်ရာ မှတ်တမ်းတွေကို လုပ်ကြံဇာတ်ခင်းခဲ့တယ်၊ လုပ်ငန်းသတ်မှတ်ချက် ဘောင်တွေနဲ့ ပစ္စည်းကိရိယာတွေကိုလည်း ထင်သလို ပြောင်းခဲ့တယ်လို့ တရုတ် အစားအစာနဲ့ ဆေးဝါးစီမံရေးရုံး CFDA က အရာရှိတဦးက ပြောပါတယ်။ ဒါကြောင့် ကုမ္ပဏီရဲ့ ကောင်းမွန်တဲ့ ဆေးဝါးထုတ်လုပ်သူအဖြစ် အသိအမှတ်ပြု လက်မှတ်ကို ပြန်ရုပ်သိမ်းပြီး ပြဿနာရှိနေတဲ့ဆေးတွေ အားလုံးကို ဈေးကွက်ထဲကနေ ပြန်သိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up