တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျ မီဒီယာများနှင့် မိတ်ဆက်

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက အေစီမီလန်ကနေခေါ်ယူထားတဲ့ တိုက်စစ်မှူး အီဗရာ ဟီမိုဗစ်ခ်ျကို ဇူလိုင် ၁၈ ရက်နေ့မှာ မီဒီယာတွေနဲ့ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ပဲရစ် အခြေစိုက် ပီအက်စ်ဂျီအသင်းဟာ အသက် ၃၀ အရွယ် တိုက်စစ်မှူးကို ၃ နှစ်စာချုပ်နဲ့ ခေါ် ယူတာ ဖြစ်ပြီး ပြောင်းရွှေ့ကြေးကို ဖော်ပြတာ မရှိပေမယ့် မီဒီယာတွေကတော့ ပေါင် ၁၅ သန်း ၀န်းကျင်လောက် ရှိလိမ့်မယ်ဆိုပြီး ခန့်မှန်းနေကြတာပါ။ ပီအက်စ်ဂျီအသင်းဟာ အောင်မြင်မှုတွေ အချိန်တိုအတွင်းမှာ ရဖို့အတွက် နာမည်ကြီး ကစားသမားတွေနဲ့ ငွေပုံအော် သုံးစွဲပြီး တည်ဆောက်နေတာပါ။ မိတ်ဆက်ပွဲမှာ အီဗရာဟီမိုဗစ်ခ်ျက “ဒီအသင်းရဲ့ သမိုင်းမှာ အစိတ်အပိုင်း တခုအနေနဲ့ ပါချင်ပါတယ်။ သေချာတာကတော့ ကျနော်တို့တတွေ ဒီအသင်းနဲ့အတူ သမိုင်းတွေ ရေးထိုးနိုင်ပါလိမ့်မယ်။ အောင်မြင်မှုတွေ လိုချင်လို့ ကျနော် ပြောင်းလာတာပါ။ တခြား ကိစ္စတွေအတွက် လာတာမဟုတ်ပါဘူး။ ကျနော်တို့တတွေ မကြာခင် ကာလတွေအတွင်းမှာ ဆုဖလားတွေ အားလုံးကို သယ် ဆောင်ပြီး အောင်မြင်မှုတွေ ယူနိုင်တော့မှာပါ” လို့ ပြောပါတယ်။ ပီအက်စ်ဂျီအသင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း အသက် ၂၇ နှစ်အရွယ် မီလန် နောက်ခံလူ ဆေးဗားကို ခေါ်ယူထားပါတယ်။ ဆေးဗားကို ခေါ်ယူခဲ့မှုအပေါ်ကိုလည်း အီဗရာဟီမိုဗစ်ခ်ျက “ဒီအသင်းမှာ နာမည်ကြီးတွေအပြင် တခြား ခြေစွမ်းမြင့်တဲ့ ကစားသမားတွေလည်း ရှိပါတယ်။ အိမ်မက်အသင်းလို့တောင် ခေါ်နိုင်နေပါပြီ။ ဆေးဗားလို ကမ္ဘာ့အကောင်းဆုံး နောက်ခံလူလည်း ဒီကို ရောက်နေပါပြီ။ ကျနော့်အနေနဲ့ အရာရာကို နောက်ပြန် ကြည့်မှာ မဟုတ်ဘဲ ရှေ့ဆက် အကောင်းဆုံးဖြစ်ဖို့ပဲ အာရုံစိုက်တော့မှာပါ။ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို စုစည်းခေါ်ယူနေတဲ့ အသင်းမျိုးကို မလာချင်တဲ့သူ ဘယ်သူမှ မရှိလောက်ဘူးထင်ပါတယ်။ ဒီအသင်းမှာ ရှိနေတဲ့ ခြေစွမ်းမြင့် ကစားသမားတွေနဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့အတွက် တိုက်ပွဲဝင်သွားမှာပါ။ လောလောဆယ် ဖြစ်မလာသေးပေမယ့် နောင် အနာဂတ်မှာ ဖြစ်လာမှာပါ။ ဒါတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော် ယုံကြည် ပါတယ်။” ပီအက်စ်ဂျီအသင်းဟာ အခု အပြောင်းအရွှေ့ရာသီအတွင်းမှာ အီဗရာဟီမိုဗစ်ခ်ျ အပါအ၀င်၊ နောက်ခံလူ ဆေးဗား၊ နာပိုလီ တိုက်စစ်မှူး လာဗက်ဇီနဲ့ ကွင်းလယ်သမား ဗာရက်တီတို့ အတွက် ပြောင်းရွှေ့ကြေး စုစုပေါင်း ပေါင် ၈၈ သန်း အကုန်အကျ ခံထားတာပါ။ ၀ါရင့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျဟာ ပီအက်စ်ဂျီရဲ့ ရှေ့တန်း တိုက်စစ်ကို လာဗက်ဇီနဲ့အတူ တွဲဖက်ပြီး တာဝန်ယူရဖွယ်ရှိနေပါတယ်။ ဆွီဒင်လက်ရွေးစင်ဟာ ဘရာဇီး နောက်ခံလူ ဆေးဗားပြီးရင် ပီအက်စ်ဂျီကနေ ဒုတိယမြောက် ခေါ်ယူခြင်းခံရတဲ့ မီလန်ကစားသမားလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ ရာသီအတွင်း အပြောင်းအရွှေ့အတွက် ဒေါ်လာ သန်း ၁၀၀ ကျော် သုံးစွဲထားပြီး နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ပါစတို၊ အဲလက်နဲ့ မော်တာတို့ကို ခေါ်ယူထားတာပါ။ အီဗရာဟီမိုဗစ်ခ်ျရဲ့ အသင်းသစ်ဟာ ပြီးခဲ့တဲ့ ရာသီမှာ အမှတ်ပေးလိဂ်မှာ အဆင့် ၂ ရထားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို တိုက်ရိုက် ရရှိထားပါတယ်။ ပြင်သစ် လီဂူး အမှတ်ပေးလိဂ် ဘောလုံးရာသီသစ်ကို ဩဂုတ် ၁၀ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ပီအက်စ်ဂျီဟာ ၁၁ ရက်နေ့မှာ ပွဲဦးထွက်အဖြစ် လောရီရန်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up