Home
မြန်မာသတင်း
ပြည်ပကြွေးမြီ သန်းပေါင်း ၁ သောင်းကျော်ရှိ
နေဖြိုးဝင်း
·
July 24, 2018
နိုင်ငံရဲ့ ပြည်ပကြွေးမြီ သန်းပေါင်း ၁ သောင်းကျော်ရှိပြီး လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက အကြွေးအများဆုံးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားလိုက်ပါတယ်။ ဇူလိုင် ၂၃ ရက်နေ့ကပြန်လည်စတင်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ န၀မပုံမှန်အစည်းအဝေးမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက အစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်းတင်သွင်းတာမှာ အခုလို ထည့်သွင်းပြောဆိုတာပါ။ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ နိုင်ငံတော်ရဲ့ ပြည်ပကြွေးမြီအရပ်ရပ်မှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂ ဘီလီယံ  (သန်းပေါင်း ၁ သောင်းကျော်) ရှိတယ်လို့ ဆိုပါတယ်။ ကြွေးမြီစာရင်းအရ ပေးဖို့ကျန်တဲ့ ဌာန၊ အဖွဲ့အစည်းအလိုက်မှာ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ သန်း ၃ ထောင်ကျော်နဲ့ အများဆုံးဖြစ်ပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးက အမေရိကန်ဒေါ်လာ သန်း ၂ ထောင်ကျော်နဲ့ ဒုတိယ အများဆုံးဖြစ်ပါတယ်။ ဒါအပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးက အမေရိကန်ဒေါ်လာ သန်း ၁၆၀၀ ကျော်၊ စက်မှုက အမေရိကန်ဒေါ်လာ သန်း ၁၄၀၀ ကျော် ရှိပါတယ်။ အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းက အမေရိကန်ဒေါ်လာ ၇၆၅ သန်း ကျော်၊ ကာကွယ်ရေးက အမေရိကန်ဒေါ်လာ ၂၄၇ သန်းကျော်၊ ဆောက်လုပ်ရေးက အမေရိကန်ဒေါ်လာ ၁၃၅ သန်းကျော်၊ ပညာရေးက အမေရိကန်ဒေါ်လာ ၇၉ သန်းကျော်၊ ကျန်းမာရေးနဲ့ အားကစားက အမေရိကန်ဒေါ်လာ ၅၉ သန်းကျော်၊ ပြည်ထဲရေးက အမေရိကန်ဒေါ်လာ ၃၉ သန်းကျော်၊ သယံဇာတနဲ့  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးက အမေရိကန်ဒေါ်လာ ၂၈ သန်းကျော်၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးက အမေရိကန်ဒေါ်လာ ၂၇ သန်းကျော်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်၊ ပြန်ကြားရေးက အမေရိကန်ဒေါ်လာ ၁၈ သိန်းကျော် ဖြစ်ပါတယ်။ ပြည်ပကြွေးမြီအနည်းဆုံး ဌာန၊ အဖွဲ့အစည်းအနေနဲ့ မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီက အမေရိ ကန်ဒေါ်လာ ၈ သိန်းကျော် ဖြစ်ပါတယ်။ ပြန်လည်ပေးဆပ်ရမယ့် နိုင်ငံ၊ အဖွဲ့အစည်း ၂၁ ခုရှိပြီး နိုင်ငံ ၁၅ နိုင်ငံနဲ့ အဖွဲ့အစည်း ၆ ခု ဖြစ်ပါတယ်။ မြီရှင်နိုင်ငံထဲမှာ တရုတ်က အမေရိကန်ဒေါ်လာ သန်း ၄၀၀၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး ဂျပန်နိုင်ငံက အမေရိ ကန်ဒေါ်လာ သန်း ၂၄၀၀ ကျော်နဲ့ ဒုတိယ အများဆုံးဖြစ်ပါတယ်။ ပြည်ပကြွေးမြီနဲ့ ဂျီဒီပီ အချိုးမှာ ၁၅ ဒသမ ၅ ရာခိုင်နှုန်းဖြစ်တယ်လို့လည်း ပြည်ထောင်စု ဝန်ကြီးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024