Delivery Van ကားများ ဒဏ်ကြေးတိုးမြှင့်ကောက်ခံမှု ကန့်ကွက်ဆန္ဒပြ
စိုးမိုးအောင်
·
July 24, 2018
Delivery Van ကားတွေကို ပြင်ဆင်တင်သွင်းတဲ့အပေါ် ဒဏ်ကြေးတိုးမြှင့်ကောက်ခံ တာကြောင့် မော်တော်ယာဉ်တင်သွင်းသူ ၂၀ ကျော်က ဇူလိုင် ၂၄ ရက်နေ့က တာမွေဟစ်တိုင်မှာ ဆန္ဒပြခဲ့ကြပါတယ်။
Delivery Ven ကားတွေကို မော်တော်ယာဉ်တင်သွင်းတာနဲ့ သက်ဆိုင်တဲ့ လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ၃/၂၀၁၈ အစည်းအဝေးဆုံးဖြတ်ချက်အရ မူရင်းစက်ရုံထုတ် မဟုတ်တဲ့ ကားတွေကို ဒဏ်ကြေး တိုးမြှင့်ကောက်ခံတာကြောင့် အခုလို ဆန္ဒပြတာလို့ ဆိုပါတယ်။
အကောက်ခွန်ဦးစီးဌာနကနေ အဲဒီကားတွေကို အုပ်စု ၄ စုခွဲလိုက်ပြီး မူရင်းစက်ရုံ ထုတ်ကားတွေဖြစ်တဲ့ အုပ်စု (A) နဲ့ (B) ကို ဒဏ်ကြေးကင်းလွတ်ခွင့်ပေးခဲ့ပြီး အုပ်စု (C) ကို ကားတန်ဖိုးရဲ့ ထက်ဝက်ဒဏ်ကြေးကောက်ယူကာ အုပ်စု (D) ကိုတော့ ကားတန်ဖိုးအတိုင်း ဒဏ်ကြေးကောက်ယူခဲ့တာပါ။
အဲဒီကားတွေကို ၂၀၁၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို သတ်မှတ်ချက် (၄) ခုနဲ့ ပြည့်မီပါက တင်သွင်းခွင့်ပေးခဲ့တာလို့ ဆိုပါတယ်။
လက်ရှိ ဒဏ်ကြေးတိုးမြှင့်မှုကို အခုနှစ် ဖေဖော်ဝါရီက စတင်ပြောင်းလဲလိုက်တာကြောင့် ရန်ကုန်ဆိပ်ကမ်းမှာရှိတဲ့ ကားအစီး ၅၈စီးဟာ အသိမ်းခံမှာဖြစ်ပြီး မြဝတီနယ်စပ်က ကားအစီး ၈၀၀ ကျော်ဟာ တရားမဝင် ပြည်တွင်းကို ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။
ဆန္ဒပြသူတွေက Delivery Ven ကားအုပ်စု (C) ကို ဒဏ်ကြေးကင်းလွှတ်ပေးဖို့၊ အုပ်စု (D) ကို ကားတန်ဖိုးရဲ့တဝက် ဒဏ်ကြေးသတ်မှတ်ပေးဖို့၊ ရန်ကုန်ဆိပ်ကမ်းမှာ ၆ လလောက် တားဆီးခံရတဲ့ ကားတွေကို ဆိပ်ကမ်းထားခလျှော့ပေးဖို့၊ တည်ငြိမ်တဲ့ မော်တော်ယာဉ်မူဝါဒ ထုတ်ပြန်ပေးဖို့နဲ့ သားရေကွင်းလိုဥပဒေတွေကို အလိုမရှိဘူးလို့ ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။