တောင်ဆင်ရိုင်းတကောင် အဆိပ်လူးမြားဖြင့် ပစ်သတ်ခံရ
DVB
·
July 22, 2018
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်မှာ တောဆင်ရိုင်း ၁ ကောင် အဆိပ်လူးမြားမှန်ပြီး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲလောက်က စဥ့်ကူးမြို့နယ် ပါပေါကျေးရွာ အောက်မတ္တရာ သစ်တောကြိုးဝိုင်း အကွက်အမှတ်(၁၇) နတ်တောင်(တောင်)သစ်တောဘိနယ် သစ်တောရုံးအရှေ့ဘက် ၃ မိုင်ခန့်အကွာ ဆင်ရိုးပုံတောင်ခြေသွား တောလမ်းဘေးမှာ ဟိုင်းဆင်အမျိုးအစား တောဆင်ရိုင်းတကောင်ဟာ ရှေ့ရင်ညွန့်မှာ သံဆူးချွန် ပေါက်ထွက်နေတဲ့ ဒဏ်ရာ ၁ ချက်၊ ယာပေါင်နောက်မှာ သစ်သားစ ပေါက်ဝင်နေတဲ့ ဒဏ်ရာ ၁ ချက်တို့နဲ့ သေဆုံးခဲ့တာပါ။
တောဆင်ရိုင်းကို ရင်ခွဲစစ်ဆေးခဲ့ရာ အဆိပ်လူးမြှားဒဏ်ရာကြောင့် သေဆုံးရတာဖြစ်ပြီး သေဆုံးတဲ့နေရာမှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စဥ့်ကူးမြို့နယ် သစ်တောဦးစီးဌာန တာဝန်ရှိသူက တိုင်တန်းတဲ့အတွက် တောဆင်ရိုင်းအား သတ်ဖြတ်သွားသူ (စုံစမ်းဆဲ) ကို လက်ပန်လှ ရဲကင်းစခန်း (ပ) ၁၆၂/၂ဝ၁၈၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က)နဲ့ အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။