Thursday, June 8, 2023
HomeLead Storyပျက်ကျ လေယာဉ်နှင့်အေးခဲလေယာဉ်မှူးအလောင်းကို နှစ် ၅၀ ကြာမှ ပြန်တွေ့

ပျက်ကျ လေယာဉ်နှင့်အေးခဲလေယာဉ်မှူးအလောင်းကို နှစ် ၅၀ ကြာမှ ပြန်တွေ့

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ ကသေဆုံးခဲ့တဲ့ အိန္ဒိယလေတပ် အရာရှိတဦးရဲ့ အေးခဲနေတဲ့ အလောင်းနဲ့ သူရဲ့  လေယာဉ်အစိတ်အပိုင်းတွေကို အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမာချယ်ပရာဒတ်ရှ် ပြည်နယ်မှာ ရှာတွေ့ခဲ့ကြောင်း Xinhua သတင်းမှာ ဖော်ပြပါတယ်။

ဒီလေတပ်အရာရှိဟာ ပြီးခဲ့တဲ့ ၁၉၆၈ ခုနှစ် ဖေဖော်ဝါရီက ချန်ဒရပ် ဟာဂါ ၁၃ တောင်ထွတ်မှာ လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့သူပဲ ဖြစ်ပါတယ်။
သူ့ရဲ့အလောင်းနဲ့ လေယာဉ်အပျက်အစီးတွေကို တောင်ပေါ်မှာ သန့်ရှင်းရေး ဆောင်ရွက်ဖို့ ရောက်ရှိလာတဲ့ တောင်တက်သမားအဖွဲ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

တွေ့ရှိချိန်မှာ အလောင်းဟာ အေးခဲလျက်ရှိပြီး သူ့ရဲ့ AN-12 လေယာဉ် အစိတ်အပိုင်းတွေကိုလည်း ပြန့်ကျဲလျက်တွေ့ခဲ့ရပါတယ်။

ဒီလေယာဉ်ဟာ ပြီးခဲ့တဲ့ ၁၉၆၉ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ချန်ဒရီဂါကိုသွားတဲ့ လမ်းကြောင်းမှာ ရာသီဥတုဆိုးရွားမှုကြောင့် နောက်ကြောင်းပြန်လှည့်စဉ်မှာ အခုလို ပျောက်ဆုံးခဲ့တာပဲဖြစ်ပါတယ်။

လေယာဉ်နဲ့အဆက်အသွယ် ပြတ်သွားချိန်မှာ လေယာဉ်ဟာ ဟီမာချယ်ပရာဒတ်ရှ် ပြည်နယ်က ဟိုတန်းပတ် တောင်ပေါ်မှာရှိနေခဲ့တယ်လို့ အိန္ဒိယကာကွယ်ရေး သတင်းတွေက ဆိုပါတယ်။

“လေတပ်အရာရှိရဲ့ အလောင်းကို ဒါကာရေခဲတောင်ရဲ့အမြင့်ပေ ၁၈ဝဝဝ ခန့်မှာ ရှာတွေ့ခဲ့တဖြစ်ပါတယ်” လို့ တောင်တက်အဖွဲ့ခေါင်းဆောင်ရဲ့ စကားကို ကိုးကားကာ သတင်းစာတစောင်မှာဖော်ပြပါတယ်။

“လေယာဉ်အစိတ်အပိုင်းတွေကို ဦးစွာတွေ့ခဲ့ရတာဖြစ်ပြီး အဲဒီနောက်မှာမှ လေယာဉ်မှူးရဲ့အလောင်းကို မှောက်လျက်အနေအထားနဲ့ တွေ့ခဲ့တာပါ။ ဒါပေမယ့်အလောင်း ရဲ့ လက်နဲ့ဆံပင်တွေဟာ နှစ်ပေါင်း ၅ဝ ကြာတဲ့တိုင်အောင် မပျက်စီးဘဲကျန်ရှိနေပါသေးတယ်” လို့လည်း သူက ဆက်လက်ပြောကြားပါတယ်။
သန့်ရှင်းရေးအဖွဲ့ဟာ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ တောင်တက်သမားတွေ ကျန်ရစ်ခဲ့တဲ့ အမှိုက်တွေကို ရှင်းလင်းဖို့ ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular