Home
မြန်မာသတင်း
ဝပ်ဆိုင်မွန်းတွင် မြန်မာဘုန်းတော်ကြီး ထားရှိရေး မြန်မာသံအမတ် ဆွေးနွေး
DVB
·
July 18, 2012
ထိုင်းနိုင်ငံ  ချင်းမိုင်မြို့ ၀ပ်ဆိုင်မွန်းကျောင်းမှာ မြန်မာဘုန်းတော်ကြီး ထားရှိရေးကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့အဖွဲ့ဟာ မနေ့က လာရောက်ဆွေးနွေးခဲ့ပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်း၊ သံမှူး ဗိုလ်မှူးလှထွန်းနဲ့ ဦးနိုင်ထွန်းတို့ အပါအ၀င် သံအဖွဲ့ဝင်တွေဟာ ၀ပ်ဆိုင်မွန်းကျောင်းမှာ မြန်မာကျောင်းထိုင်ထားရှိရေး ကြိုးပမ်းနေကြတဲ့ သံဃာတော်တွေနဲ့ ဒကာတွေကို လာရောက် ဆွေးနွေးခဲ့ကြတာပါ။ လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ချင်းမိုင်မြို့ ကျုံးဝင်းအတွင်း ၀ပ်ဆိုင်မွန်း မြန်မာဘုန်းကြီးကျောင်းကို ထိုင်းဆရာတော်တပါး အစားထိုးခန့်အပ်မှုမှာ မြန်မာဒကာတွေက ကန့်ကွက်လို့ ဆိုင်းငံ့ခဲ့ရပြီးတဲ့နောက် အခုလို လာရောက်တွေ့ဆုံတာ ဖြစ်ပါတယ်။ ဆွေးနွေးရာမှာ သံဃာတော်တွေနဲ့ ဒကာတွေဘက်က  ထိုင်းနိုင်ငံအတွင်းက ရှေးဟောင်း သမိုင်းဝင် မြန်မာဘုန်းတော်ကြီးကျောင်းတွေ မဆုံးရှုံးရစေရေးနဲ့ ၀ပ်ဆိုင်မွန်းကျောင်းမှာ မြန်မာကျောင်းထိုင်ဆရာတော် ခန့်အပ်နိုင်ရေးတို့အတွက် ကူညီပေးဖို့ သံအမတ်ကြီးနဲ့အဖွဲ့ကို တင်ပြခဲ့ကြပါတယ်။ မြန်မာသံအမတ်ကြီးကလည်း ထိုင်းယဉ်ကျေးမှု ၀န်ကြီးဌာန၊ သာသနာရေးဦးစီးဌာန အထွေထွေညွှန်ကြားရေးမှူးနဲ့ ဆက်သွယ်ဆွေးနွေးဖို့ ရှိကြောင်း၊ လာမယ့် ဇူလိုင် ၂၂ ရက်နေ့ ထိုင်းနိုင်ငံကို မြန်မာသမ္မတ ချစ်ကြည်ရေးခရီး လာရောက်ချိန်မှာလည်း သမ္မတကြီးနဲ့ ထိုင်းအစိုးရ ဆွေးနွေးနိုင်ဖို့ တင်ပြပေးမယ့်အကြောင်း ပြောပါတယ်။ ဒါ့အပြင် မြန်မာသံအမတ်ကြီးက ချင်းမိုင်ခရိုင်က ၀ပ်ဆိုင်မွန်းမြန်မာ ဘုန်းတော်ကြီးကျောင်း၊ မဲ့စရီးယန်းခရိုင်က မန္တလေး ဘုန်းတော်ကြီးကျောင်းနဲ့ မဲဆောက်မြို့က ၀ပ်ပါးလောက်ကျောင်း (တောရကျောင်း) တို့ကို မြန်မာသံဃာ အုပ်ချုပ်မှုအောက် ပြန်ရရေးအပါအ၀င် လန်းပန်း ခရိုင်က ၀ပ်ထမအိုး ဘုန်းတော်ကြီးကျောင်းကို မြန်မာသံဃာတော်တွေ ထပ်မံ ပင့်ဆောင်နိုင်ရေးအတွက်လည်း သမ္မတကို သူတင်ပြပေးမယ်လို့ ပြောပါတယ်။ ၀ပ်ဆိုင်မွန်းကျောင်းဟာ ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင် ချင်းမိုင်ကို သိမ်းပိုက်စဉ်က တည်ထားကိုးကွယ်ခဲ့တဲ့ကျောင်းဖြစ်ပြီး နှစ်ပေါင်း ၄၅၄ နှစ်ကျော်ခန့် မြန်မာဗိသုကာလက်ရာတွေ တည်ရှိနေတာဖြစ်ပါတယ်။ မြန်မာကျောင်းထိုင်ဆရာတော်ပေါင်း ၁၀ ဆက် ပြောင်းလဲခဲ့ပြီး လွန်ခဲ့တဲ့လအနည်းငယ်က အသက် ၉၀ ကျော် မြန်မာကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့ပြီးနောက် ထိုင်းနိုင်ငံက သိမ်းယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024