Home
မြန်မာသတင်း
ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ဖြင့် လုပ်ငန်းလုပ်သူများ အကာကွယ်ရမည်ဟုဆို
DVB
·
July 21, 2018
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်နဲ့ လုပ်ကိုင်ဆောင်ရွက်နေသူတွေအဖို့ အကာကွယ်ရမှာ ဖြစ်သလို ၀င်ငွေခွန် ကင်းလွတ်ခွင့်လည်း သတ်မှတ်ပေးမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးသန်းဇော်ဦးက ပြောကြားလိုက်ပါတယ်။ ဒီနေ့မနက် ကလေးမြို့ မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။ “မြန်မာနိုင်ငံမှာ ရင်နှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်နဲ့လုပ်တဲ့ လုပ်ငန်းတွေဟာ အကာအကွယ်ရမယ်။ လုပ်ငန်းကို နိုင်ငံတော်က မသိမ်းဘူး။ ကိုယ့်လုပ်ငန်းကို တည်ထောင်တဲ့အခါ ပြည်ပကတင်သွင်းစရာ ပစ္စည်းတွေ ရှိလာရင် ကော်မရှင် ခွင့်ပြုမိန့်နဲ့ အခွန်လွတ်တင်သွင်းနိုင်မယ်။ လုပ်ငန်းလည်ပတ်နေပြီဆိုရင်လည်း ဝင်ငွေရတဲ့ အချိန်ကစပြီး ကော်မရှင်ကို တင်ပြမယ်ဆိုရင် ဝင်ငွေခွန် ကင်းလွတ်ခွင့် ၅ နှစ် ၇ နှစ် စသဖြင့် သတ်မှတ်ပေးမှာဖြစ်တယ်” လို့ ဦးသန်းဇော်ဦးက ဆိုပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လက်ရှိအချိန်ထိ မြန်မာပြည်သား ရင်နှီးမြှုပ်နှံမှုပေါင်း ၃၂ ခု ရှိပြီး မြန်မာကျပ်ငွေ ၁၆ဝ ဘီလီယံ ရှိကာ နိုင်ငံခြားသားရင်နှီးမြှုပ်နှံမှု ၁၈ ခုနဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ ရှိနေတယ်လို့လည်း သိရပါတယ်။ “အဓိက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ နည်းတာကြောင့် မြန်မာနိုင်ငံသားတွေဟာ ပြည်ပထွက် အလုပ်လုပ်ကြရတယ်။ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ စတဲ့ နိုင်ငံတွေမှာပေါ့။ အဲ့ဒီနိုင်ငံတွေက ရင်နှီးမြှုပ်နှံမှုများတော့ အလုပ်အကိုင်အခွင့်အလမ်းများပြားတယ်။ ထိုင်းမှာဆို ဂျပန်က ရင်းနှီးမြှုပ်နှံမှု များတယ်။ ဗီယက်နမ်ဆိုရင် တောင်ကိုရီးယားနဲ့ မြန်မာမှာတော့ တရုတ်က များတယ်။ အဲ့ဒါကြောင့် မြန်မာမှာ ရင်းနှီးမြှုပ်နှံမှုအားကောင်းလာရင် အလုပ်အကိုင်တွေ ဖန်တီးပေးလာနိုင်မယ်။ နိုင်ငံသားတွေ ဝင်ငွေတိုးလာမယ်”လို့ ဦးသန်းဇော်ဦးက ဆက်ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စစ်ကိုင်း၊ မုံရွာ၊ ကလေးဝ၊ မော်လိုက်၊ ကသာနဲ့ ဗန်းမောက်မြို့တွေမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ရှိနေပြီး ကလေးနဲ့ တမူးမှာတော့ အားနည်းနေပါတယ်။ နိုင်ငံခြားကနေ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကတော့ ဆားလင်းကြီး တကောင်း ယင်းမာပင် အင်းတော် စစ်ကိုင်း မုံရွာ ကသာ ရွှေဘိုနဲ့ ကလေးတို့မှာ ရှိနေပြီး ကလေးမြို့မှာတော့ နိုင်ငံခြားနဲ့ မြန်မာဖက်စပ် (ပြင်သစ်-မြန်မာ) ပါရာဒီဆို ရုပ်ရှင်ရုံလုပ်ငန်းတခုသာ ရှိနေပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024