Home
မြန်မာသတင်း
အမေရိကန်ဒေါ်လာဈေး ယခုနှစ်အတွင်း အမြင့်ဆုံးရောက်ရှိလာ
ပိုင်စိုး
·
July 18, 2018
ဒီလဆန်းပိုင်းက စပြီး တရိပ်ရိပ်တက်လာတဲ့ မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းဟာ ဒီနေ့မှာလည်း ထပ်တက်လာပြီး အရင်က အမြင့်ဆုံး စံချိန်တင်ခဲ့တဲ့နှုန်းထိ ရောက်ဖို့ နီးကပ်လာနေပါတယ်။ ပြည်တွင်းငွေကြေးဈေးကွက်မှာ အမေရိကန် ဒေါ်လာဈေးဟာ မနေ့ညနေပိုင်းက  ၁ဒေါ်လာကို မြန်မာငွေ ၁၄၁၆ ကျပ်နဲ့ ပိတ်သွားခဲ့ပြီး ဒီနေ့မနက်မှာတော့ ၁၄၂၄ ကျပ်နဲ့ ဈေးပြန်ဖွင့်ခဲ့ပါတယ်။ ပုဂ္ဂလိက ဘဏ်တခုရဲ့ တာဝန်ရှိသူတယောက်က “ဒါကတော့ သူ့ရဲ့ ရာသီနဲ့ တက်တယ်လို့လည်း ပြောလို့ရတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ သွင်းကုန်နဲ့ ပို့ကုန် မညီတာမျှတာကြောင့်လည်း ဖြစ်တယ်။ မနက်ကတော့ ၁၄၂၂ ကျပ်နဲ့ ပြန်ဖွင့်တယ်။ အခုတော့ ၁၄၁၈ ကျပ်ကို ပြန်ကျနေပါတယ်” လို့ ဒီနေ့ ညနေပိုင်းမှာ ပြောပါတယ်။ ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက အမြင့်ဆုံးအဖြစ် အမေရိကန် ၁ဒေါ်လာကို ၁၄၃၈ ကျပ်အထိ တက်ခဲ့တာပါ။ အခု ၂၀၁၈ ခုနှစ်မှာတော့ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်း  ၃၀ရက်နေ့က အမေရိကန် တဒေါ်လာကို ၁၃၃၀ ကျပ်ရှိခဲ့ပြီး ဇွန်လကုန်ပိုင်း ၂၉ ရက်မှာတော့ ၁၄၀၅ ကျပ် ဖြစ်ပါတယ်။ ဇူလိုင်လ အစပိုင်းမှာ ၁၃၉၀ ကျပ်ကို ပြန်ကျခဲ့ပေမယ့် ဇူလိုင် ၁၁ ရက်မှာတော့ ၁၄၀၀ ကျပ် ပြန်ဖြစ်ခဲ့ပါတယ်။ စီဘီဘဏ်ရဲ့ အကြံပေး ဦးသန်းလွင်က “ဈေးကွက်ထဲမှာ အဝယ်လိုက်နေတော့ တက်တာပေါ့။ ပြည်တွင်းကို ဒေါ်လာ အဝင်နည်းတယ်။ Investment မရှိဘူး။ ကုန်သွယ်မှု မရှိဘူး။ ခရီးသွား အဝင်နည်းတာလည်းပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ဒေါ်လာနည်းနေတယ်။ ပြီးတော့ ဈေးတက်မယ် ဆိုပြီး ဝယ်ထားတဲ့သူတွေလည်း ရှိချင်ရှိမှာပေါ့။ သိပ်တက်ရင်လည်း မကောင်းဘူးပေါ့ဗျာ။ ပြည်ပက သွင်းရမယ့် ပစ္စည်းတွေ ဈေးတက်ကုန်မှာပေါ့” လို့ ပြောပါတယ်။ အဲဒီနောက် ဇူလိုင် ၁၆ ရက်မှာ ၁၄၁၀ ကျပ်အထိ တက်ခဲ့ပြီး ဇူလိုင် ၁၇ မနေ့တုန်းကတော့ တနေကုန်  တရိပ်ရိပ်တက်နေခဲ့တာပါ။ ယူရိုငွေ၊ စင်္ကာပူဒေါ်လာနဲ့ ထိုင်းဘတ်တို့ကတော့ ဒီကာလတွေထဲမှာ အနိမ့် အမြင့်ဖြစ်ခဲ့ပေမယ့် သိသိသာသာ တက်တာ ကျတာ မရှိခဲ့ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024