Live
Home
မြန်မာသတင်း
မူးယစ်အထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားသည့် အမှု ၂၀ ကျော် ဖမ်းဆီးအရေးယူ
DVB
·
July 18, 2018
မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန ဖွင့်လှစ်ထားပြီးနောက် သီတင်း ၂ ပတ်ကျော် ကာလအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၂၂ မှု၊ တရားခံ ၃၄ ဦးကို ဖမ်းဆီး အရေးယူနိုင်ခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံးက မနေ့က ထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးအန္တရာယ် တားဆီးကာကွယ် နှိမ်နင်းရေးအတွက် ပြည်သူလူထုက သတင်းပေး တိုင်ကြားနိုင်ဖို့အတွက် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြာရေးဌာနကို ဇွန်လ ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့တာပါ။ တိုင်ကြားရေးဌာန စတင်ဖွင့်လှစ်ပြီး ဇွန်လ ၂၇ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ တိုင်ကြားလာတဲ့ မူးယစ်ဆေးဝါးသတင်းတွေကို ပြည်ထဲရေးဌာနက စုံစမ်းဖော်ထုတ်ရာမှာ အမှုပေါင်း ၂၂ မှု၊ တရားခံ အမျိုးသား ၂၈ ဦးနဲ့ အမျိုးသမီး ၆ ဦး စုစုပေါင်း ၃၄ ဦးတို့ကို ဖမ်းဆီး အရေးယူခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါအမှုတွေကနေ ဘိန်းဖြူ ၉၅ ဒသမ ၀၄ ဂရမ်၊ ဘိန်းစိမ်း ၂၆၀၀ ဂရမ်၊ အ၀တ်ဘိန်း ၁၀ ဂရမ်၊ ဘိန်းစာမှုန့်  ၃၀ ဂရမ်နဲ့ စိတ်ကြွဆေးပြား ၉၃၈၁ ပြားတို့ကို သိမ်းဆည်းရမိတယ်လို့ လည်းဆိုပါတယ်။ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်ဖောက်ကား၊ သုံးစွဲဖြန့်ဖြူမှုတွေနဲ့ ဖမ်းဆီးရမိတဲ့ ဒေသတွေကတော့ မူဆယ်၊ ပူတာအို၊ ဖောင်းပြင်၊ ဗန်းမော်၊ ပြင်ဦးလွင်၊ ရွှေညောင်၊ ဟုမ္မလင်း၊  ရေဦး၊ ကျွန်းစုနဲ့ ရန်ကုန်တိုင်း သင်္ကန်းကျွန်း၊ မြောက်ဥက္ကလာပနဲ့ လှိုင်သာယာ မြို့နယ်တွေပါဝင်ပါတယ်။ မူးယစ်ဆေးဝါးတွေ ပိုမိုဖမ်းဆီးနိုင်ဖို့ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကို တိုင်ကြားနိုင်တဲ့အပြင် အထူးကိစ္စတွေနဲ့ ကြီးမားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ ကိစ္စတွေကို သမ္မတရုံးမှာ ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန ဖုန်း ၀၆၇- ၅၉၀ ၂၀၀၊ ဖက်စ် ၀၆၇- ၅၉၀ ၂၃၃ နဲ့ အီးမေးလ် [email protected] ကို တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024