Friday, June 9, 2023
HomeLead Storyမိုင်းပန်မြို့နယ်တွင် လူငယ်များကို RCSS/SSA က တပ်သားသစ်အဖြစ် စုဆောင်းနေ

မိုင်းပန်မြို့နယ်တွင် လူငယ်များကို RCSS/SSA က တပ်သားသစ်အဖြစ် စုဆောင်းနေ

ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ကွန်ကတ်ကျေးရွာက ဒေသခံ အန်အယ်လ်ဒီ ပါတီဝင်လူငယ် ၄ ဦးအပါအဝင် တခြားလူငယ်တချို့ကို  ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့က လူသစ် စုဆောင်းတဲ့အနေနဲ့ ခေါ်ယူသွားတယ်လို့ လင်းခေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအောင်မြတ်စိုးက ပြောပါတယ်။

ဇူလိုင် ၁၄ ရက်နေ့က ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး ပါတီဝင် လူငယ် ၄ ဦးကို ပြန်လွှတ်ပေးဖို့ ဗိုလ်ချုပ်ကြီး ရွက်ဆစ်ဆီကို စာတင်ထားတယ်လို့ ဦးအောင်မြတ်စိုးက ပြောပါတယ်။

“၁၄ ရက်နေ့ မနက်က ဆင့်ခေါ်ခံရတာ။ အဲဒီလူငယ် ၄ ယောက်က ကုန်းကတ်ကျေးရွာက ၂ ယောက်၊  ရပ်ကွက် ၁၁ က ၁ယောက်၊ ရပ်ကွက် ၁၂ က တယောက်ပေါ့။ သူတို့ကို တပ်သားအဖြစ် စုဆောင်းတာပေါ့၊ စစ်မှုထမ်းခိုင်းတာပေါ့”

အန်အယ်ဒီလူငယ် ၄ ဦး အပါအဝင် တခြားကျေးရွာက လူငယ် ၅၀ လောက်လည်း အခုလို စုဆောင်းခံရတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီလိုစုဆောင်းခံရတာနဲ့ပတ်သက်လို့ အန်အယ်လ်ဒီဘက်က စာတင်ထားတာကို ဒီကနေ့ RCSS ဘက်က အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်လို့ ပြောဆိုကြောင်းလည်း ဦးအောင်မြတ်စိုးက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးစိုင်းဦးကတော့ သူတို့အနေနဲ့ တပ်သားသစ် စုဆောင်းတာ မဟုတ်ကြောင်း ပြောပါတယ်။

“ကျနော်တို့ တပ်သားသစ် စုဆောင်းခြင်း မရှိပါဘူးဗျာ။ ကျနော်တို့ အဲဒီမှာက ဘယ်လိုလဲဆိုရင် မူးယစ်ဆေးစွဲနေတဲ့လူတွေကို မူးယစ်ဆေးဖြတ်ပေးတာတွေတော့ ရှိတယ်။ အသိပညာပေးတာတွေ၊ မူးယစ်ဆေးစွဲတဲ့ လူငယ်တွေကို ခေါ်ယူပြီးတော့ ဖြတ်ပေးတာပေါ့နော်။  အန်အယ်လ်ဒီ လူငယ် ၄ ဦး ဆိုတာလည်း မဟုတ်ပါဘူး။ ”

RCSS/SSA ဟာ အစိုးရနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာအုပ်စုအတွင်းမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular