မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မကွေးတိုင်းတွင် မိုးနှမ်းစိုက်တောင်သူများ အရှုံးပေါ်
DVB
·
July 17, 2018
မကွေးတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့ အတွက် သီးနှံစိုက်ခင်းတွေ မိုးကြီးမှုဒဏ်ခံခဲ့ရပြီး မိုးနှမ်းစိုက်ပျိုးတဲ့ တောင်သူတွေ အရှုံးပေါ် နေတယ်လို့ နှမ်းစိုက်တောင်သူတွေက ပြောပါတယ်။
မကွေးမြို့နယ် မကျီးကန်ကျေးရွာနေ နှမ်းစိုက်တောင်သူ မဇာဇာက “ကျမတို့ဆီမှာ ပြီးခဲ့တဲ့ လက မိုးတော်တော်သည်းတယ်။ နှမ်းတွေ ပွင့်နေတဲ့အချိန်မှာ မိုးကြီးတဲ့ဒါဏ်ခံခဲ့ရလို့ အထွက်နှုန်း တော်တော်ကျဆင်းတယ်။ လုပ်သားရှားပါးတဲ့အတွက် လုပ်ငန်းခွင်စရိတ်တွေ ကြီးမားတယ်။ နှမ်းဈေးလေးကတော့ ကောင်းပါတယ်။ အထွက်နှုန်းကျဆင်းတော့ စရိတ် သိပ်မကာမိဘူးပေါ့။ မိရိုးဖလာ အလုပ်ဆိုတော့လည်း ဒီအလုပ်ဘဲ ဇောက်ချလုပ်ကိုင်ကြရတာ” လို့ ပြောပါတယ်။
ညောင်ကန် ကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးသောင်းလှိုင်က "ကျနော်တို့ မကွေးတိုင်းမှာတော့ ဆီထွက်သီးနှံဖြစ်တဲ့ နှမ်းနဲ့မြေပဲကို အဓိက စိုက်ပျိုး လုပ်ကိုင်ကြတယ်။ နှမ်းက မိုးခေါင်တဲ့နေရာတွေမှာ စိုက်မျိုးရတာဖြစ်ပေမယ့် မိုးအဆမတန် ရွာချလိုက်တဲ့အတွက် အပင်တွေပျက်စီးသွားပြီး တကျော့ပြန်စိုက်ပျိုးရတာကြောင့် စရိတ်ပိုကြီး သွားတာပေါ့။ နှမ်းဈေးလေးကတော့ ကောင်းပါတယ်။ မကွေးကုန်စည်ဒိုင်တွေမှာ လက်ရှိ ပေါက်ဈေးကတော့ နှမ်းဖြူ တစ်တင်းကို ၄၈၀၀၀ကျပ် ဝန်းကျင်၊ နှမ်းနီ တစ်တင်းကို ၄၅၀၀၀ ကျပ် ဝန်းကျင်၊ နှမ်းနက် တစ်တင်းကို ၅၀၀၀၀ ကျပ်ဈေးဝန်းကျင် ပေါက်တယ်။ အထွက်နှုန်းလေး ကောင်းမယ်ဆိုရင်တော့ အဆင်ပြေတာပေါ့"လို့ ဆိုပါတယ်။
မကွေးတိုင်းထဲမှာ သီးနှံစိုက် ဧက ၅ သန်းကျော်ခန့်၊ ဆီထွက်သီးနှံ စိုက် ဧက ၂ သန်းကျော်ခန့်နဲ့ မိုးနှမ်း၊ ဆောင်းနှမ်း၊ နွေနှမ်း စိုက်ဧကပေါင်း ၁၁,၅၅၈,၆၇၆ ဧက ရှိတယ်လို့ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
သတင်း-မင်းထီး