လွှမ်းပိုင်နှင့် အိချောပို ပါဝင်သရုပ်ဆောင်ထားသည့် ကြွေ ရုပ်ရှင်ကား(နမူနာ)
DVB
·
July 17, 2018
လူငယ်ကြိုက် အဆိုတော် သရုပ်ဆောင်မင်းသား လွှမ်းပိုင်နဲ့ မင်းသမီး အိချောပိုတို့ ခေါင်းဆောင် ပါဝင်ထားကြတဲ့ ကြွေ အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် ဇူလိုင် ၂၀ ရက်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ Bo Bo Film Production က စီစဉ်ပြီး နာမည်ကြီး စာရေးဆရာ မင်းလူရဲ့ ‘ပြောတိုင်းယုံတဲ့ ပုတ်သင်ညို’ ဝတ္ထုကို ဒါရိုက်တာ သားညီက ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ခင်ရင်တင် ဆိုတာ ရန်ကုန်တက္ကသိုလ်မှာ အလှမယ်ဘွဲ့ရထားပြီး သူ့နောက်က တကောက်ကောက်လိုက်တဲ့ ယောက်ျားတွေကို ကစားစရာအရုပ်လို သဘောထား ပညာပေးတတ်တဲ့သူ။ နေမင်းမောင်ကတော့ နယ်ကနေ ရန်ကုန်တက္ကသိုလ် ရောက်လာခဲ့ပြီး ချစ်တဲ့သူဆီက အဖြေရဖို့ဆိုရင် ဘာပဲ လုပ်ရ လုပ်ရ လုပ်မှာဖြစ်ပြီး သူငယ်ချင်းတွေနဲ့ပါ မျက်နှာပျက်ရတဲ့အထိ အချစ်ကြီးသူ၊ ကြိုးစားသူတယောက်အဖြစ် တက္ကသိုလ်နောက်ခံ မြင်ကွင်းပုံရိပ်တွေနဲ့ အချစ်နဲ့ ဟာသရောသမမွှေ ရိုက်ကူးထားတာကို ရှုစားကြရမှာပါ။
ဒီဇာတ်လမ်းထဲမှာတော့ ချစ်သူရဲ့ မျက်နှာမညိုရအောင် အလိုဆန္ဒအတိုင်း ပုတ်သင်ညို တကောင်လို အရာရာ ခေါင်းညိတ် လုပ်ဆောင် ဖြည့်ဆည်းပေးမယ့် ဇာတ်ကောင် နေမင်းမောင် နေရာမှာ လွှမ်းပိုင်က ပါဝင်ထားခဲ့ပြီး တက္ကသိုလ်အလှဘုရင်မ ခင်ရင်တင် နေရာမှာတော့ အိချောပိုက ပါဝင်သရုပ်ဆောင်ထားကြတာပါ။
ဒီကားကို အရင်က ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ဗွီဒီယိုအနေနဲ့ ရိုက်ကူးထားခဲ့ဖူးပြီး လူမင်းနဲ့ နန္ဒာလှိုင်တို့က သရုပ်ဆောင်ထားခဲ့ကြတာမို့ ဒီကားက အရင်ကားကို မီ၊ မမီ ဆိုတာကတော့ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီရုပ်ရှင်ကားဟာ မထွက်လာခင်ကတည်းက ပရိသတ်တွေကြား စိတ်ဝင်စားမှုတွေ မြင့်တက်နေပြီး တေးရေးအဆိုတော် ဝန ရေးစပ်ပြီး အဆိုတော် ဆိုင်းမိုင်း သီဆိုထားတဲ့ နောက်ဆုံးအနမ်း အမည်ရတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးဟာလည်း ရေပန်းစားနေခဲ့တာပါ။
လွှမ်းပိုင်ဟာ ‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း’ ဇာတ်ကားနဲ့ ပထမဆုံး ရုပ်ရှင်ထွက်ရှိထားပြီး ပရိသတ် အားပေးမှု ရရှိထားတာမို့ ဒုတိယမြောက်ကားဖြစ်တဲ့ ဒီကားမှာရော ဘယ်လို သရုပ်ဆောင်မှုတွေနဲ့ တွေ့မြင်ရမလဲ ဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။