သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်၊ အထူးသတိပြုကြရန် မိုးဇလ ထုတ်ပြန်
DVB
·
July 16, 2018
သံလွင်မြစ်ရေဟာ နောက် ၁ ရက်အတွင်း ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်လို့ အထူးသတိပြုကြဖို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ မြန်မာစံတော်ချိန် ၈:၃၀ နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေလောက် ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
ဒီအတွက် ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ အကြံပြုထားပါတယ်။
မြန်မာစံတော်ချိန် ၇ နာရီ တိုင်းထွက်ချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက် တည်ရှိနေပြီး ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပါတယ်။ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတွေနဲ့ ရခိုင်၊ ကရင်၊ မွန်ပြည်နယ်တို့မှာ မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာလည်း မိုးသက်လေပြင်းတွေ ကျရောက်ကာ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၄ ပေလောက်ရှိ ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။