ရေလွှမ်းမှုဒဏ် အကြီးအကျယ်ခံနေတဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။
စီချွမ်ပြည်နယ် မင်ကျီအန်း မြစ်ရေလျှံတာကြောင့် ရေလွှမ်းမိုးခဲ့တဲ့ဒေသတွေမှာ ဇူလိုင်လ ၁၃ ရက်နေ့က ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာပါ။
ဒါ့အပ်ြင် အဲဒီနေ့အစောပိုင်းက တောင်ပေါ်က ကျောက်တုံးကြီးတွေ လိမ့်ဆင်းခဲ့တာကြောင့် လီရှင်းစီရင်စုမှာ ယာဉ်အသွားအလာထိခိုက်ခဲ့ရပါတယ်။ အဲဒီအတွက် လမ်းပိတ်ဆို့နေပြီး တန် ၁ဝဝဝ ကျော်လေးတဲ့ ကျောက်တုံးကြီးကို ဖောက်ခွဲခဲ့ရပါတယ်။
“ကျနော်တို့ ကျောက်တုံးပြိုကျရာနေရာကို လေ့လာပြီးတော့ လွန်ပေါက်အနက်ကို တိုင်းပါတယ်။ ပြီးတော့ ပေါက်ကွဲမယ့် ပမာဏကို ချိန်ဆပြီး ကျောက်တုံးကို ဖောက်ခွဲပစ်တာပါ။ ကျောက်တုံးဖောက်ခွဲမှု အောင်မြင်ပါတယ်။ လွင့်စင်ကျောက်တုံး မီတာ ၂ဝ အတွင်းမှာရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်” လို့ မောက်ရှန်းစီရင်စု ရထားလမ်းပိုင်း တာဝန်ရှိသူ ယန်ကျောင်းယူ က ပြောပါတယ်။
ဇူလိုင် ၁၂ ရက်နေ့ကလည်း ရှီဟုန် စီရင်စုမှာ တံတားတစင်း ကျိုးကျခဲ့ပါတယ်။ ဒီအတွက် ကယ်ဆယ်ရေးသမားတွေနဲ့ စေတနာ့ဝန်ထမ်းတွေ ဝိုင်းဝန်းပြီး ကူညီ ဆောင်ရွက်ပေးခဲ့ကြပါတယ်။
“အစောပိုင်းက ကျနောတို့ ဒေသခံ ၄ဝဝ ကို အောင်အောင်မြင်မြင်နဲ့ ဘေးလွတ်ရာ ပြောင်းပေးခဲ့ပါတယ်။ ရေဘေးမှာ သောင်တင်နေသူတွေ ၄၆ဝ လောက်ရှိပါတယ်။” လို့လည်း ကျင်းဟွာမြို့ အုပ်ချုပ်ရေး အကြီးအကဲ ဟယ်ကွေရှန်း-က ပြောခဲ့ပါတယ်။
ဇူလိုင် ၁၂ နေ့မှာ ရေစီးနှေးသွားခဲ့တာကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေဟာ ကယ်ဆယ်ရေးကို အမြန်ဆုံးပြန်လည်စတင်နေပါတယ်။ ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ ရဟတ်ယာဉ်တွေနဲ့ လှေတွေ အသုံးပြုပြီး ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာ ပို့ဆောင်ပေးလျက်ရှိပါတယ်။