၂ဝ၁၈-၁၉ ခု၊ ဘဏ္ဍာရေးနှစ်တွင် လိုငွေ ကျပ်သန်းပေါင်း ၅ သန်းခန့်ရှိ
DVB
·
July 14, 2018
လာမယ့် အောက်တိုဘာမှ စတင်မယ့် ၂ဝ၁၈-၁၉ ခု၊ ဘဏ္ဍာရေးနှစ်မှာ ရတာထက် ပိုသုံးထားတဲ့ လိုငွေ ကျပ်သန်းပေါင်း ၅ သန်းလောက်ရှိမယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။
မနေ့က သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ပြောခဲ့တာပါ။
ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေက လာမယ့် အောက်တိုဘာလကနေ စက်တင်ဘာလအထိ အဆင့်ဆင့်စိစစ်ပြီးတဲ့ ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းချုပ်မှာ ရငွေစုစုပေါင်း ငွေကျပ် ၂ဝဝ၅၁ ဘီလီယံ၊ သုံးငွေစုစုပေါင်း ငွေကျပ် ၂၄၉၅၄ ဘီလီယံဖြစ်ပြီး စုစုပေါင်းလိုငွေ ပမာဏ ငွေကျပ် ၄၉ဝ၃ ဘီလီယံ (ကျပ်သန်းပေါင်း ၄ သန်း ၉ သိန်းကျော်) ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီ ရငွေ စုစုပေါင်းမှာ ပြည်ပအကူအညီရငွေ ကျပ် ၆၈၂ ဘီလီယံ၊ ပြည်ပချေးယူရငွေ ကျပ် ၂၁၉၁ ဘီလီယံတို့ ပါဝင်ပြီး တိုင်းနဲ့ ပြည်နယ်တွေရဲ့ လိုငွေအတွက် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေက ထောက်ပံ့ပေးငွေ ကျပ် ၁၇၉၄ ဘီလီယံလည်း စုစုပေါင်း သုံးငွေမှာ ပါတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကြိုတင်မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေ၊ အရေးပေါ်သုံးစွဲရမယ့် ကိစ္စတွေ အတွက် အရေးပေါ်ရန်ပုံငွေကျပ် ဘီလီယံ ၁ဝဝ ကိုလည်း ထည့်သွင်းလျာထားပြီး ဒီနှစ်မှာ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အညီ ငွေကျပ် ဘီလီယံ ၂ဝ ကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေအတွက် ထည့်သွင်း လျာထားတယ်လို့လည်း ပြောပါတယ်။
ပြီးတော့ နေပြည်တော်မှာ တည်ဆောက်မယ့် ဝန်ထမ်းအိမ်ရာအတွက် နေပြည်တော် ကောင်စီရဲ့ ငွေလုံးငွေရင်း အသုံးစရိတ်မှာ အခြေခံ အဆောက်အအုံတွေ အပါအဝင် ကျပ် သန်းပေါင်း ၅ သောင်းကို လျာထားပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကလည်း တိုင်းနဲ့ ပြည်နယ်တွေရဲ့ အရ/အသုံး ခန့်မှန်းခြေငွေစာရင်းတွေကို စိစစ်ခဲ့ရာမှာ လစာစရိတ်ချီးမြှင့်ငွေ အသုံးစရိတ်ကို စုစုပေါင်းသာမန်အသုံးစရိတ်ရဲ့ ၄ဝ ရာခိုင်နှုန်းနီးပါး အများဆုံးသုံးစွဲထားပြီး ဒုတိယ အများဆုံးအဖြစ် ပြင်ဆင်ထိန်းသိမ်းစရိတ်တွေကို စုစုပေါင်းသာမန်အသုံးစရိတ်ရဲ့ ၃ဝ ရာခိုင်နှုန်း လောက် သုံးစွဲဖို့ လျာထားတာ တွေ့ရတယ်လို့ ပြောပါတယ်။
ကျန်တဲ့ ၃ဝ ရာခိုင်နှုန်းကိုတော့ ခရီးသွားလာစရိတ်၊ ပစ္စည်းတွေ ဝယ်ယူတာ၊ ဆောင်ရွက်ပေးတာတို့ အတွက် ကုန်ကျစရိတ်၊ ပညာရေးနဲ့ လူမှုရေးအသုံးစရိတ်၊ ပင်စင်၊ ထောက်ပံ့ငွေအသုံးစရိတ်၊ ဆည်မြောင်း တာတမံ၊ ရေကန်၊ ရေနုတ်မြောင်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အသုံးစရိတ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ကျေးလက်လမ်းတွေ အတွက် သုံးထားတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။
ငွေလုံးငွေရင်း အသုံးစရိတ်တွေမှာတော့ လမ်းတံတားတည်ဆောက်ရေး လုပ်ငန်းတွေ အတွက် စုစုပေါင်းငွေလုံးငွေရင်း အသုံးစရိတ်ရဲ့ ၃၆ ရာခိုင်နှုန်း၊ ကျေးလက်လမ်း၊ ရေရရှိရေးနဲ့ တခြား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ၃၈ ရာခိုင်နှုန်း၊ ရုံး အဆောက်အဦနဲ့ ဝန်ထမ်းအိမ်ရာ တည်ဆောက်တာအတွက် ၁၆ ရာခိုင်နှုန်း၊ ရုံးသုံး စက်ပစ္စည်း၊ ပရိဘောဂ၊ ရုံးသုံးယာဉ်နဲ့ လုပ်ငန်းသုံးယာဉ်တွေ ဝယ်ယူတာအတွက် ၁ဝ ရာခိုင်နှုန်း သုံးစွဲထားတာကို တွေ့ရတယ်လို့ ဆက်ပြောပါတယ်။
ပြီးတော့ မြောင်းမြကြိုးတံတား ပျက်စီးသွားတာကြောင့် ပြည်သူတွေ သွားလာရ လွယ်ကူစေရေး ပြေးဆွဲနေတဲ့ ကူးတို့ယာဉ်တွေအတွက် လိုအပ်တဲ့ စက်သုံးဆီ၊ စက်ဆီ၊ ပြင်ဆင်ထိန်းသိမ်းစရိတ်နဲ့ ဝန်ထမ်းတွေအတွက် တနှစ်စာကုန်ကျစရိတ် ငွေကျပ် ၅၄၅ ဒသမ ၃၇၃ သန်းကို တင်ပြလာတယ်လို့လည်း ပြောပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အနည်းဆုံး သုံးစွဲတာကို အဓိကမထားဘဲ အများဆုံးအကျိုးရှိအောင် သုံးစွဲတဲ့ မူကို အဓိက ထားစေလိုပြီး ငွေကြေး သက်သာစေလိုတာကြောင့် အဆင့်အတန်းမမီတဲ့ စီမံကိန်းတွေကို အကောင်အထည် ဖော်ရင် ရေရှည်မှာ နိုင်ငံအတွက် အကျိုးမရှိဘူးလို့ ပြောပါတယ်။
ဒါကြောင့် နည်းနည်းသုံးတာက အဓိက မဟုတ်ဘဲ ရှိတဲ့ ငွေကြေးကို နိုင်ငံအတွက် အကျိုးအများဆုံး ဖြစ်အောင် အဓိကထားပြီး ဆောင်ရွက်စေလိုတယ်လို့ ပြောခဲ့ပါတယ်။