Home
မြန်မာသတင်း
တူးမြောင်းပေါ် ဖြတ်ကျော်ဆောက်ထားသည့် တံတားတစင်း ပြိုကျမည့်အန္တရာယ်ရှိနေ
DVB
·
July 13, 2018
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာအတွင်း ရွာမကြီးနဲ့ တောင်ဘက်ကမ်းရပ်အကြား တူးမြောင်းကို ဖြတ်ကျော်ဖောက်လုပ်ထားတဲ့ ပေ ၁ဝဝ ကျော်လောက်ရှိတဲ့ တံတားတစင်းဟာ ရေစီးအားကြောင့် ပြိုကျမယ့်အန္တရာယ် ဖြစ်ပေါ်နေပါတယ်။ ရေးမြို့မြစ်ကမ်းပါးပြိုမှုနဲ့ ရေနစ်မြုပ်မှုဘေးမှ ကာကွယ်ဖို့အတွက် ၂ဝ၁၅ ခုနှစ်က ရေလွှဲမြောင်းအဖြစ် အဲဒီတူးမြောင်းကို ဖောက်လုပ်ခဲ့တာဖြစ်ပြီး တူးမြောင်းကြောင့် ချောင်းတောင်ကျေးရွာ ရွာမကြီးနဲ့ အဲဒီရပ်ကွက်ကိုဆက်သွယ်ဖို့ ပေ ၁၃ဝ တံတားတစင်းကို တည်ဆောက်ခဲ့တာပါ။ ချောင်းတောင်ကျေးရွာ ရပ်မိရပ်ဖတဦးဖြစ်သူ ဦးဖေသန်းက “တံတားရဲ့အနေအထားက အခုလို သဘာဝဘေးကြောင့်ဖြစ်သွားတော့ နောင်ထပ်ဖြစ်လာမယ်ဆိုရင် ပျက်စီးသွားနိုင်တဲ့ အနေအထားရှိနေတယ်။ အဲလိုဖြစ်သွားရင် ဒီဘက်ကမ်းကလူတွေ ရွာမကြီးကို သာရေးနာရေး လာဖို့အတွက် အခက်အခဲအများကြီး ဖြစ်သွားမယ်။ လူကြီးတွေက ကွင်းဆင်း လေ့လာသင့်ပါတယ်။ ကြံ့ခိုင်မှုက အားနည်းလာလို့ ရေလယ်တိုင်က ခါတိုင်းထက် နိမ့်ကျသွားတယ်။ အခုကတည်းက အမြန်ဆုံး ပြုပြင်ပေးဖို့ လိုအပ်နေပြီ” လို့ ပြောပါတယ်။ လက်ရှိအနေနဲ့ ရေလယ်တိုင်တချောင်းနိမ့်ကျမှုဖြစ်ပေါ်နေပြီး တံတားကြမ်းခင်းနှစ်ခုမှာ ဟနေကြောင်း၊ အခြေအနေမဆိုးခင် အချိန်မီပြင်ဆင်နိုင်ဖို့ သက်ဆိုင်ရာတွေကို တွန်းအားပေး သွားမယ်လို့ ရေးမြို့နယ်မဲဆန္ဒနယ် ၈ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောပါတယ်။ “ဒီတိုင်ဟာ ဒီလိုပဲ ဆက်ပြီးနိမ့်သွားမယ်ဆိုရင် တောင်ဘက်ကမ်းရွာဘက်အခြမ်းက ဘောင်တဘောင်က တော်တော်လေးအက်နေပြီ။ တံတားပေါ်မှာတင်နေတာ ၁ ပေလောက်ပဲ ရှိတော့တယ်။ အဲဒီဟာ ပိုဆိုးလာမယ်။ ပိုဆိုးလာလို့ ဘောင်ကပဲ့သွားမယ်ဆိုရင် တံတားက ခက်ခက်ခဲခဲ ပြန်လုပ်ရမယ့် အနေအထားဖြစ်နေတယ်။ တူးမြောင်းက တဖြည်းဖြည်း ကျယ်လာတဲ့အတွက် ကမ်းကပ်ခုံပြိုကျရင် တံတားက အသစ်ပြန်လုပ်ရမယ့် အနေအထား ဖြစ်နေတယ်။ သက်ဆိုင်ရာကျေးလက်ဦးစီးဌာနနဲ့ ဆောက်တဲ့ ကုမ္ပဏီကို ဆက်သွယ်ဆောင်ရွက်ပါ့မယ်” လို့ ပြောပါတယ်။ အဲဒီတံတားကို ကျေးလက်ဒေသဖွံ့ ဖြိုးရေးဦးစီးဌာနဘတ်ဂျက်နဲ့ ၂ဝ၁၄-၁၅ ဘဏ္ဍာရေးနှစ်က ငွေကျပ်သိန်းပေါင်း ၁၇၄ဝ နဲ့ ပြည့်ဇာနည်ကုမ္ပဏီက တည်ဆောက်ခဲ့တာပါ။ ဝင်းနိုင်သက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024