Home
မြန်မာသတင်း
ဆေးရုံတက်နေရသည့် ‘ဝ’တပ်ဖွဲ့ ဒုခေါင်းဆောင်ကို ကာချုပ် တွေ့ဆုံအားပေး
DVB
·
July 13, 2018
၂၁ ရာစု ပင်လုံညီလာခံတက်ဖို့ လာရောက်စဉ်​ ရုတ်တရက် နေမကောင်းဖြစ်ပြီး နေပြည်တော် ခုတင် ၁ဝဝဝ ဆံ့ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးပေါက်ယူယိကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သွားရောက်တွေ့ဆုံ အားပေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်က ရောဂါအခြေအနေနဲ့ ဆေးဝါးကုသမှု အခြေအနေတွေကို မေးမြန်းခဲ့ရာမှာ နှလုံးရောဂါအထူးကု ပါရဂူကြီးတွေက ရှင်းလင်းပြောကြားခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်က အားပေးစကားပြောကြားကာ အားဖြည့်ငှက်သိုက်ရည်နဲ့ စားသောက်ဖွယ်ရာတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ နေပြည်တော်မှာ ၆ ရက်ကြာ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးကို တက်ရောက်လာတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ဒုဥက္ကဋ္ဌ ဦးပေါက်ယူယိဟာ ကျန်းမာရေး အခြေအနေကြောင့် မနေ့ နေ့လယ်ပိုင်းက နေပြည်တော် ဆေးရုံကို အရေးပေါ် တက်ရောက်ကုသမှုခံယူခဲ့ရတာပါ။ ‘ဝ’တပ်အဖွဲ့ရဲ့ ဆက်သွယ်ရေးတာဝန်ခံ ဦးဆမ်လော့ကတော့ "အသက်ကြီးတော့ ပင်ပန်းတဲ့အခါ ဒဏ်မခံနိုင်လို့ ဖြစ်သွားတာပါ။ စိုးရိမ်စရာ မရှိပါဘူး။ အအေးမိလို့ ဖြစ်သွားတာ။ အခုတော့ ကောင်းသွားပါပြီ။ ဆရာဝန်က အနားယူဖို့ ခိုင်းထားပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။ ဓာတ်ပုံ-CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024