၈၈ ရခိုင်ခရီးစဉ်အတွင်း ပြည်နယ်အစိုးရနှင့် ဆွေးနွေး

929
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး နောက်နောင် အလားတူပြဿနာတွေ ရှောင်ရှားနိုင်မယ့် နည်းလမ်းတွေ ဆွေးနွေးခဲ့ကြပါတယ်။
ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး အပါအ၀င် သူတို့အဖွဲ့ဟာ ဒီနေ့မနက် ရန်ကုန်ကို ပြန်လည် ရောက်ရှိကြပါတယ်။
ဒီခရီးစဉ်အတွင်း လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ အဲဒီခရီးစဉ်မှာ ပြန်ကြားရေး တာဝန်ယူတဲ့ ကိုအံ့ဘွယ်ကျော်က ပြည်နယ်အစိုးရနဲ့ ဆွေးနွေးခဲ့တာကို ပြန်ပြောပါတယ်။
“ခရီးစဉ်အတွင်းမှာ ထူးတာက အလှူသပ်သပ်နဲ့ ဒေသအစိုးရနဲ့လည်း တွေ့ခဲ့တယ်။ စီးပွားရေးနဲ့စီမံကိန်းဝန်ကြီးနဲ့ မင်းကိုနိုင်တို့နဲ့ တွေ့ခဲ့တယ်။ နောက်ကျရင် ဒီပြဿနာတွေအပေါ် သင်ခန်းစာယူပြီးတော့ မှန်တယ်မှားတယ်ဆိုတာတွေထက် နောက်နောင် ပြဿနာ မဖြစ်အောင် ဘယ်လိုလုပ်မလဲပေါ့ အဲဒါတွေ ဆွေးနွေးကြတယ်။ ယူသွားတဲ့ ဆန်အိတ်တွေ၊ အသုံးအဆောင်တွေပေါ့ လှူခဲ့တယ်။ ငွေသားလည်း လှူခဲ့တယ်။”
သူတို့အဖွဲ့ဟာ စစ်တွေကနေ ဘင်္ဂလားဒေ့ရှ်နယ်စပ်မြိုံ့ မောင်တောကိုလည်း သွားရောက်ခဲ့ပါတယ်။ အဲဒီမြို့တွေမှာ ပုံမှန်အခြေအနေကိုတော့ မရောက်ရှိသေးဘူးလို့ ပြောပြပါတယ်။
“အခုထိတော့ သိပ်မမြင်သေးဘူး။ စစ်တွေမြို့ အခြေအနေက အဲဒါမျိုး သိပ်မတွေ့ရဘူး။ မောင်တောမှာလည်း ထွက်တော့ ထွက်ပါတယ်။ ဒါပေမယ့် သိပ်တော့ မမြင်ရသေးဘူး။ အထူးသဖြင့် ဆိုင်တွေ ပိတ်ထားတယ်ဗျ။ ဈေးလည်း ပိတ်ထားတယ်။ စစ်တွေကတော့ ဈေးပြန်ဖွင့်ပြီ။ သွားလာနေကြပြီ။ သို့ပေမယ့် အစ္စလာမ်တွေကို မတွေ့ခဲ့ရဘူး။”
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဟာ ငွေသားနဲ့ပစ္စည်းတွေကို အကူအညီလိုအပ်သူတွေအတွက် ခွဲခြားမှု မပြုဘဲ လှူဒါန်းခဲ့တယ်လို့ ပြောပါတယ်။
၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ဒုတိယအခေါက်ခရီးစဉ်ဖြစ်ပြီး ပထမတကြိမ်တုန်းက ၈၈ မျိုးဆက်ကျောင်းသူ ၃ ဦးက တခေါက်သွားခဲ့ပါသေးတယ်။
ဇွန်လဆန်းကစတင်တဲ့ အကြမ်းဖက်မီးရှို့တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ၀န်းကျင်သေဆုံးပြီး အိမ်ခြေထောင်ချီ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အစိုးရက ကြေညာထားပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပါတယ်။