Home
မြန်မာသတင်း
မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
DVB
·
July 13, 2018
နေပြည်တော်မှာ ရောက်ရှိနေတဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင် ၁၂ ရက်က အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ တွေ့ဆုံပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ပြင်ပဆက်ဆံရေးမှူးကြီး ဦးကျောက်ကော်အန်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဥက္ကဋ္ဌ ဦးဆေးထင်၊ မိုင်းလားအထူးဒေသ(၄)(NDAA) ဒုဥက္ကဋ္ဌ ဦးစံပေ့နဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုဥက္ကဋ္ဌ(၂) ဗိုလ်ချုပ် အက်စ် ဂွန်မော်တို့နဲ့ မနေ့ ညနေ ၃ နာရီခွဲမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)မှ တာကူလန်း၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် -ကိုးကန့်တပ်ဖွဲ့ (MNDAA)မှ ဦးရန်ဝင်ကျုံးနဲ့ ရက္ခိုင့် တပ်မတော်(AA)တို့မှ ဦးညိုထွန်းအောင်တို့ကိုလည်း မနေ့ညနေ ၄ နာရီခွဲမှာ  သီးခြားစီ လက်ခံတွေ့ဆုံခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပဋိပက္ခတွေ လျော့ချနိုင်ရေး၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးနိုင်ရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ရေး စတဲ့ ကိစ္စရပ်တွေ ဆွေးနွေး ကြတယ်လို့ ဆိုပါတယ်။ ဒီတွေ့ဆုံပွဲဟာ အလွတ်သဘောတွေ့ဆုံတာဖြစ်ပြီး မြောက်ပိုင်းတိုင်းရင်းသား လက်နက်အဖွဲ့တွေရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ဘက်က တင်ထားတဲ့ စာတမ်းအပေါ်မှာ ဆွေးနွေးချင်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ကေအိုင်အိုဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုအပြီး သတင်း မီဒီယာတွေကို ပြောပါတယ်။ “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီမှာ ဝ အဖွဲ့ရယ်၊ SSPP ရယ်၊ မိုင်းလားရယ်၊ ကျနော်တို့ KIO ရယ် သူတို့သုံးဖွဲ့ကလည်း နှစ်ယောက်စီ၊ ကျနော်တို့ကလည်း နှစ်ယောက်စီ အလွတ်သဘောတွေ့ဆုံတဲ့ သဘောမျိုးနဲ့သွားတွေ့တာပါ။ အဓိကကတော့  ကျနော်တို့ဘက်က FPNCC ဘက်က အရင်တင်ထားတဲ့ စာတမ်းအပေါ်မှာ ဆက်ပြီးဆွေးနွေးချင်တဲ့အကြောင်းကို ကျနော်တို့က ပြောပါတယ်။ ပြီးတော့ အဖွဲ့ခေါင်းဆောင် ဦးကျောက်ကော်အန်းက ဦးစီးပြီးတော့ အန်စီအေအပေါ်မှာထားရှိတဲ့ တချို့သဘောထားတွေကို တင်ပြတာဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း သူတို့ဘက်က သဘောထားကို ရှင်းပြပါတယ်။ အဲ့လောက်ပါပဲ။ တခြား အထွေအအထူး ဆွေးနွေးတာတော့ မရှိပါဘူး။ FPNCC ကို လက်ခံတယ်၊ လက်မခံဘူးဆိုတဲ့ သဘောမဟုတ်ဘဲနဲ့ ကျနော်တို့ ရောက်လာတဲ့အဖွဲ့တွေကို တွေ့တဲ့သဘောပဲဖြစ်ပါတယ်။ FPNCCကို လက်ခံသလား၊ လက်မခံဘူးဆိုလားဆိုတဲ့ ခေါင်းစဉ်ပေါ် ဆွေးနွေးတာတော့ မရှိပါဘူး။ အခုအချိန်မှာတော့ အန်စီအေကို လက်မှတ် ထိုးဖို့မထိုးဖို့ဆိုတာ ပြောဖို့ စောပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှပဲ ဆုံးဖြတ်ကြမှာဖြစ်ပါတယ်” လို့ ဗိုလ်ချုပ် ဂွန်မော်ကပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခဲ့တဲ့ TNLA ဒုဥက္ကဋ္ဌ တာကူလန်းကတော့  “ဒီတွေ့ဆုံမှုတွေက တိုးတက်မှုတော့ အများကြီးရှိပါတယ်။ မျှော်လင့်ချက်ကတော့ ၅ ရာခိုင်နှုန်းရှိပါတယ်။  စစ်တပ်ကရော ဒီသုံးဖွဲ့လုံးကို လက်ခံပါတယ်။ တွေ့ဆုံလို့ရပါတယ်"လို့ သတင်းထောက်တွေကို ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ စတုတ္ထအကြိမ်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင် အန်စီအေ လက်မှတ်ထိုးမယ့် အဖွဲ့တွေ တိုးလာမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ “ကျနော်တို့က အမြဲတမ်းလည်း မျှော်လင့်တယ်၊ အမြဲတမ်းလည်း ဖိတ်ခေါ်တယ်၊ အမြဲတမ်းလည်း ကြိုးပမ်းနေတယ်။ သို့သော် အခြေအနေ အကြောင်းအရပ်ရပ် မမျှော်လင့်တာလည်း ဖြစ်နိုင်တယ်။ တတိယ အစည်းအဝေးနဲ့ စတုတ္ထ အစည်းအဝေးကြားမှာတော့ နောက်ထပ် အန်စီအေ ထိုးတဲ့အဖွဲ့တွေ တိုးလာမယ်လို့ ကျနော်တို့က မျှော်လင့်ထားတယ်။ တိုးလာအောင်လည်း လုပ်သွားဖို့ ရှိပါတယ်။” နေပြည်တော်မှာ ၆ ရက်ကြာ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို အစိုးရရဲ့ဖိတ်ကြားချက်အရ တက်ရောက်လာတဲ့ မြောက်ပိုင်းလက်နက်ကိုင် ၇ ဖွဲ့ဟာ ဇူလိုင် ၁၁ ရက်ညနေက ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့ပြီး မနေ့ညနေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခဲ့တာပါ။ ဓာတ်ပုံ-State Counsellor
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024