Home
ဆောင်းပါး
အဆောက်အဦ ကောင်း၊ မကောင်းကို သဘာဝက စစ်ဆေးလိုက်သောအခါ
DVB
·
July 12, 2018
ခုတလော မိုးကြီးတဲ့သတင်းတွေ၊    ရေကြီးတဲ့သတင်းတွေ နေရာအနှံ့ ဖြစ်လာနေပါတယ်။ ဒီတော့ သဘာဝတရားတွေဖြစ်တဲ့ မိုးကြီးခြင်း၊ ရေကြီးခြင်း၊    လေမုန်တိုင်း တိုက်ခတ်ခြင်းကို အစိုးရက မလိုလားသလို၊ ပြည်သူလူထုက မလိုလားသလို သူတို့ထက် အိပ်ရေးပျက်နေသူ အများစုကတော့ တိုင်းပြည်ရဲ့ အဆောက်အအုံတွေကို လုပ်ကိုင် တည်ဆောက်ကြတဲ့ ကန်ထရိုက်လုပ်ငန်းရှင်တွေ ဖြစ်ဖို့များပါတယ်။ အကြောင်းကတော့ သဘာဝဘေးအန္တရာယ်မဖြစ်ဘဲ တနှစ်၊ နှစ်နှစ် ကျော်လွန်သွားလို့ နောက်အစိုးရသစ် ဖြစ်လာခဲ့ရင် စိတ်ပူစရာ မလိုတော့သော်လည်း လက်ရှိ လောလောလတ်လတ် တည်ဆောက်ထားတဲ့ အဆောက်အဦတွေက မိုးကြောင့်၊    လေကြောင့်၊ ရေကြောင့် ပြိုကျပျက်စီးလာခဲ့ရင်ဆိုသော အတွေးက ကြီးစိုးနေမှာပါ။ တကယ်တမ်းကျတော့လည်း မိုးတပြိုက်နှစ်ပြိုက်ရွာရင်ကို ပျက်စီးသွားတဲ့ လမ်းတွေ၊ လေတချက်ဝှေ့လိုက်ရင် ပြိုပျက်သွားတဲ့ အဆောက်အဦတွေ မနည်းလှပါ။ ကျနော်တို့ဒေသမှာလည်း ဒီလိုရာသီမျိုးမှာဆိုရင် ကန်ထရိုက်လုပ်ငန်းရှင် အတော်များများက စာရွက်စာတမ်း တထပ်ကြီးနဲ့ ပြည်နယ်အစိုးရရုံးကို သွားနေကြရပါပြီ။ နွေတုန်းကပဲ တည်ဆောက်ခဲ့တယ်။ ခုတော့ပျက်ပြီ။ ဒီလိုအကြောင်းတရားတွေ ရှိခဲ့လို့လည်း ပြည်နယ်အစိုးရအဖွဲ့က QC ဆိုတဲ့ Quality Control ဆိုတဲ့အဖွဲ့တွေကို ဖွဲ့ပေးခဲ့ပါသေးတယ်။ တကယ်တမ်းကျတော့ အဆိုပါအဖွဲ့အတွက် ပေးရငွေက အဆောက်အအုံဆောက်ဖို့ ကန်ထရိုက်ရထားတဲ့ သူတွေဆီက ပေးရတာတွေကြောင့် အဆောက်အအုံအတွက် ထည့်ဝင်ရမယ့်ငွေကြေး လျော့နည်းသွားတယ်ဆိုပြီး အသံတွေ ထွက်ခဲ့ပါသေးတယ်။ ဘယ်လိုပဲဆိုစေ မနှစ်က ရခိုင်မှာ မိုရာမုန်တိုင်းတိုက်တော့ စာသင်ကျောင်းပေါင်း ၇ဝဝ ကျော် လေမုန်တိုင်းကြောင့် ပျက်စီးခဲ့ပါတယ်။ ၂ဝ၁၇ တနှစ်တာအတွင်း ရခိုင်ပြည်နယ်အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရခိုင်ပြည်မှာ ကုမ္ပဏီပေါင်း ၆ဝဝ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဆိုဆို ကုမ္ပဏီများသလောက် စမ်းသပ်ခံနိုင်တဲ့ အဆောက်အအုံတွေကတော့ နည်းနေဆဲပါ။ အင်္ဂါနေ့ထုတ် 7 Day Daily သတင်းစာမှာတော့ မကွေး၊ စစ်ကိုင်းနှင့် ရခိုင်ပြည်နယ်တို့မှာ ရေကြီးရေနစ်မှု ရင်ဆိုင်နေတဲ့သတင်းကို ဖော်ပြထားပါတယ်။   အဆိုပါသတင်းထဲမှာပဲ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် လေးပင်ချောင်း ရေကျော်ရာမှ ကားတစီး မျောပါသွားမှု ဇွန်လ ၁ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု မရှိဘူးလို့ သတင်းက ဆိုပါတယ်။ စေတုတ္ထရာမြို့နယ်၊ စေတုတ္ထရာမြို့နယ် ကူတောင်ကျေးရွာနှင့် ထမင်းချက်ကျေးရွာကြားမှ ရေပြွန်ပျက်စီးမှုကြောင့် ကတ္တရာလမ်းအကျယ် ပေ ၅ဝ ခန့် ပျက်စီးခဲ့သည်။ ကျောက်ဖူးနှင့်ရေရှောင်ကျေးရွာလမ်းသည်ပေလေးရာခန့်ပျက်စီးခဲ့ပြီး စေတုတ္ထရာ-ဆော ခရိုင်ချင်းဆက်လမ်းပိုင်း ရှိန်ကျေးရွာအနီးတွင် မြေပြိုကျမှုကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ခဲ့သည်။ ငဖဲမြို့နယ်၊ ငဖဲမြို့နယ် ဘုံတောကျေးရွာ ကားလမ်းဘေးနှင့် မြေခတ်ရွာလမ်း ပြိုကျမှုဖြစ်ပွားပြီး သွားလာမရတော့၍ ခေတ္တလမ်းပိတ်ထားရသည်။ မကွေးမြို့နယ်၊ မကွေး-နေပြည်တော်ကားလမ်း မိုင်တိုင်အမှတ် ၆၇ အနီးတွင် တောင်ကျရေဆင်းကာ ရေကျော်နေခြင်းကြောင့် ဇွန်လ ၁၁ ရက် နံနက်မှ ညနေအထိ ကားအစီးရေတရာခန့် ပိတ်မိနေသည်။ ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့နယ် အနောက်အင်ကုန်းကျေးရွာတွင် မုန်းကမ်းပါး ပြိုကျမှုကြောင့် အိမ်ခြေခြောက်လုံးမှ လူဦးရေ ၃၄ ဦးကို အရေးပေါ် ရွှေ့ပြောင်းထားရသည်။ မင်းတုန်းမြို့နယ်၊ မင်းတုန်းမြို့နယ် တောင်ယံကျေးရွာတွင် ချောင်းရေမြင့်တက်လာပြီး ကျေးရွာအတွင်း ရေကိုးပေခန့် မြင့်တက်လာ၍ အိမ် ၁၅ လုံးမှ မိသားစုဝင်များကို နေရာရွှေ့ပြောင်းထားရသည်။ ရခိုင်ပြည်နယ်၊ နေရာကွက် မိုးကြီးနေသည့် ရခိုင်ပြည်နယ်တွင် တောင်ကျရေ တိုက်စား၍ အမ်း-မအီကားလမ်း ပေ ၂ဝခန့် ပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည်။ ယင်းနေရာတွင် လမ်းအထူးအဖွဲ့ ၁၆ က ယာယီဘေလီတံတား တည်ဆောက်ရန် ပြင်ဆင်နေပြီး ၂ ရက်ခန့် အချိန်ယူရမည်ဖြစ်သည်။ ချင်းပြည်နယ်၊ မိုးများပါက မြေပြိုလေ့ရှိသော ချင်းပြည်နယ်တွင်လည်း နေ့စဉ်လိုလို မိုးကောင်းနေကာ မြေပြိုမှုကြောင့် ဖလမ်းမြို့မှ နေအိမ်အဆောက်အအုံအချို့ ပျက်စီးခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်မှ မြေနိမ့်ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ဇွန်လ ၁ဝ ရက်ကစ၍ ရေဝင်ရောက်နေပြီး မိုးဆက်ကောင်းနေပါက ရေကြီးနစ်မြုပ်မှု ဖြစ်ပွားမည်ကို စိုးရိမ်နေသည်။ ကောလင်းနှင့် ဝန်းသိုမြို့တွင်လည်း မြေနိမ့်နေရာများသို့ ရေဝင်ရောက်နေသည်။ ကရင်ပြည်နယ်၊ ကရင်ပြည်နယ်တွင် နေရာကွက်ကြား မိုးကြီးနေရာ ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူကားလမ်းမှ သဲဖြူချောင်းတံတားသည် ဇွန်လ ၁၁ ရက်ညနေက စကာ မြေကျွံနေကြောင်း ဒေသခံ အရပ်ဘက်အဖွဲ့များက သတိပေးသည်ဆိုပြီး ဖော်ပြထားပါတယ်။ အဆိုပါသတင်းဖြစ်စဉ်တွေကို လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဇွန်လ ၁၁ ရက် ရရှိသော သတင်းများနှင့် 7 Day Daily သတင်းစာက စုံစမ်းရရှိသော စာရင်းများကို ဖော်ပြခြင်းဖြစ်ကြောင်း ပြောထားပါတယ်။ ဖြစ်ပျက်နေတဲ့ အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ကျနော်တို့နိုင်ငံမှာ ရှိတဲ့လမ်း အတော်များများကို ရေကြီးခြင်း၊ မိုးကြီးခြင်း၊   မုန်တိုင်းတိုက်ခတ်ခြင်းနှင့် စစ်ဆေးလိုက်ရင် ပကတိအမှန်တရားကို တွေ့ရှိရတယ် ဆိုတာပါပဲ။ မုန်တိုင်း နှစ်တိုင်းလိုလို ဝင်ရောက်နေတဲ့ ဘင်္ဂလားပင်လယ်အော်အနီး ရခိုင်ဒေသ ကမ်းရိုးတန်းမြို့တွေမှာ ခုထိ ဆိုင်ကလုန်း shelter တွေ ထိထိရောက်ရောက် ရှိမနေသေးပါ။ ရေဘေးသင့်လေ့ရှိပြီး နှစ်စဉ်နှစ်တိုင်း ဒီလိုအချိန်မှာ ဒဏ်ခံနေရတဲ့ ဒေသတွေ အတွက်လည်း ရေဘေးဖြစ်ရင် စာသင်ကျောင်း၊ ရွာလည်ဘုန်းတော်ကြီးကျောင်း စတဲ့ နေရာတွေမှတပါး တခြားနေရာတွေ မရှိသေးပါ။ လမ်းပန်းဆက်သွယ်ရေးကို အဓိကထားပြီး လုပ်ကိုင်စားသောက်တဲ့ ကုန်သည်တွေကတော့ ခုလို လမ်းတွေပြတ်၊   ကားတွေပိတ်နေတဲ့အခါ ဝယ်လာတဲ့ ကုန်စိမ်းတွေကို လွှင့်ပစ်လိုက်ရတာလည်း ထုံးစံတခုလို ဖြစ်နေပါတယ်။ ရန်ကုန်၊ စမ်းချောင်းမြို့နယ်က စည်ပင်လုပ်သားတဦးဖြစ်သူ ကိုကရင်ကလည်း ဗဟိုလမ်းမကြီးကို ကွန်ကရစ်လမ်းခင်းဖို့အတွက် မိုးရေစိုနေတဲ့ သံချောင်းကို စိုက်နေရာက မြေအောက်လျှပ်စစ်ဓာတ်ကြိုးနှင့် ထိမိပြီး ဓာတ်လိုက်သေဆုံးသွားတဲ့ သတင်းကို ဇွန်လ ၆ ရက်ထုတ် 7 Day ဂျာနယ်မှာပဲ ဖတ်ရပါတယ်။ ရန်ကုန်မြို့ရဲ့ နယ်နိမိတ်ထဲမှာပါတဲ့ ရွှေပြည်သာမြို့နယ်က တချို့ကျောင်းတွေမှာတောင် မိုးရွာတာနှင့် ရေတွေပြည့်နေတာ ခုထိ ဒီအတိုင်းပါပဲ။ ကျနော်တို့ ရခိုင်က ကျေးရွာအတော်များများမှာတော့ မိုးရွာရင် ကျောင်းပိတ်ထားရတာတွေ အများကြီးပါ။ တနှစ်လည်း ရသေ့တောင်မြို့နယ် ပြာပင်ရင်းဆိုတဲ့ရွာက ကျောင်းတကျောင်းဆိုရင် ရေကြီး၊ မုန်တိုင်းတိုက်တော့ ကျောင်းတဆောင်လုံး ပြားပြားဝပ်သွားဖူးပါတယ်။ နံရံတချပ်တလေတောင် မကျန်လိုက်ပါဘူး။ စုံစမ်းကြည့်လိုက်တော့ အဲဒီနှစ် နွေရာသီကပဲ ဆောက်ခဲ့တဲ့ကျောင်းဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ကျောင်းမျိုးတွေကို ဆောက်ခွင့်ရတဲ့ ကန်ထရိုက်တွေဆိုရင်လည်း ပညာရေးအကြီးအကဲနှင့် နီးစပ်တဲ့ မိသားစုဝင်တွေပဲ ဖြစ်နေခဲ့ပါတယ်။ ခုလည်း မြန်မာပြည်အနှံ့က လမ်းတွေပျက်၊ တံတားတွေပျက်၊ ကျောင်းတွေပျက်နေတဲ့ ကိစ္စတွေ အတော်များများမှာ ပါဝင်ပတ်သက်တဲ့ ကန်ထရိုက်တွေကို ကြည့်လိုက်ရင် ဝန်ကြီးတွေ၊   ကိုယ်စားလှယ်တွေနှင့် ဆက်စပ်နေတာတွေ အများသားပါ။ အထူးအားဖြင့် ပြည်နယ်လွှတ်တော်တွေမှာ အဲဒီလိုကိစ္စတွေ အတော်များများ ရှိပါတယ်။ ဝန်ကြီးတွေရဲ့ မိသားစု အတော်များများက ကန်ထရိုက်လုပ်ငန်းနှင့် ပတ်သက်နေတာ များပါတယ်။ သူတို့နှင့်ဆက်စပ်နေတဲ့အခါ လူပုဂ္ဂိုလ်လုပ်တဲ့ အဆောက်အအုံကို လူပုဂ္ဂိုလ်က စစ်ဆေးတဲ့အခါ မပေါ်ပေမယ့် သဘာဝတရားက စစ်ဆေးလိုက်တဲ့ အခါမှာတော့ အဖြစ်မှန်တွေ ပေါ်တတ်ပါတယ်။ သဘာဝတရားက လူပုဂ္ဂိုလ်တွေလို ဘက်မလိုက်တတ်လေတော့ ဘယ်သူနှင့်နီးစပ်တဲ့သူ ဆောက်တဲ့လမ်းဖြစ်စေ၊   ခံနိုင်ရည်မရှိရင် ပိုင်းသွား၊ ပြတ်သွားမှာပါပဲ။ ဘယ်သူနဲ့နီးစပ်တဲ့ စာသင်ကျောင်းဆောင်သစ်ဖြစ်စေ ခံနိုင်ရည်မရှိရင် သွပ်တွေလန်၊ ကျောင်းဆောင်တွေ ပြိုမှာပါပဲ။ ဒါကြောင့် သဘာဝရဲ့ စစ်ဆေးတာကို ထည့်တွက်ပြီး အဆောက်အအုံတွေကို ဆောက်ကြဖို့ လိုအပ်ကြပြီလို့ ပြောလိုရင်း ဒီဆောင်းပါးကို ရေးသားလိုက်ရပါတယ်။ ကျော်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024