Home
မြန်မာသတင်း
မိုင်းကိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ရွာသား ၆၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
DVB
·
July 12, 2018
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တပ်မတော် စစ်ကြောင်းနဲ့ RCSS/SSA  ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး ရွာသား ၆၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေး ခိုလှုံနေကြရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက် နေ့ခင်းပိုင်းလောက်ကစပြီး ဟမ်းငိုင်းအုပ်စု နားလေ၊ နားအွတ်ကျေးရွာ အပြင်ဘက်မှာရော၊ ဟိုခိုင်းကျေးရွာအုပ်စုဘက်မှာပါ  လက်နက်ကြီး ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေတာကြောင့် ရွာသားတွေ မနေရဲတော့ဘဲ လွယ်ကျောက်နဲ့ ကုန်းစုံကျေးရွာ ဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံနေရတယ်လို့ ရွာသားတွေကို သွားရောက် ကူညီခဲ့သူ မိုင်းကိုင်မြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံက ဒီဗွီဘီကို ပြောပါတယ်။ “လက်နက်ကြီးကြောင့် လူနဲ့ နေအိမ်တွေ ထိခိုက်တာ မရှိပေမယ့် သူတို့ရွာနဲ့ တော်တော်နီးလို့ ကြောက်လန့်ပြီး ပြေးကြတာ၊ ဒီနေ့ ကျနော်တို့အဖွဲ့တွေ သွားကြည့်တော့ လွယ်ကျောက် ဘုန်းကြီးကျောင်းမှာ ရွာသားပေါင်း ၃၀၀ ကျော်၊ ကုန်းစုံကျောင်းတိုက်မှာ  ၉၀ ကျော် ရောက်နေတယ်။ ၉ ရက်နေ့ ညနေပိုင်းက စပြီးရောက်လာတာ၊ နောက်ပြီး ဆိုင်ကယ် မရှိ၊ ထော်လာဂျီမရှိလို့ ဒီထိမလာနိုင်ဘဲ နားလေကျောင်းတိုက်မှာ တစ်နေတဲ့ လူတွေ ၇၀၊ ၈၀ လောက်ရှိမယ်။ တချို့လည်း လယ်ယာလုပ်ငန်းကို စိတ်မချလို့ ဝေးဝေးမသွားချင်ဘူးပေါ့။” ဒေသခံလွှတ်တော်ကိုယ်စားလှယ်၊ သံဃာတော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မိုင်းကိုင် လူမှုကူညီရေးအဖွဲ့တွေဟာ ဘုန်းကြီးကျောင်း ၂ ကျောင်းက ပြည်သူတွေကို ဆန်နဲ့ စားစရာတွေ ထောက်ပံ့ပေးခဲ့ပြီး အကူအညီရရှိရေး ကော်မတီတရပ်လည်း ဖွဲ့ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဇူလိုင် ၁၁ ရက် မနက်ကလည်း ဟမ်းငိုင်းအုပ်စု နောင်တောင်းရွာ လွိုင်စင်း aတာင်ဘက်မှာ သေနတ်သံတွေ ဆက်ကြားနေရပြီး မြန်မာ့တပ်မတော်ဘက်က စစ်သည် အင်အားထပ်ဖြည့်လာတယ်လို့ ဦးစိုင်းလုံက ပြောပါတယ်။ ဇူလိုင်လ ၉ ရက်နေ့က ၁၁ ရက်နေ့အထိ မိုင်းကိုင်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် လက်ရှိအချိန်ထိ ရွာပေါင်း ၇ ရွာက စစ်ဘေးတိမ်းရှောင်လာသူ ၆၃၇ ဦးရှိနေပြီး အဲဒီထဲမှာ သက်ကြီးရွယ်အိုတွေ ရင်ခွင်ပိုက် ကလေးမိခင်တွေ ကျောင်းသူ ကျောင်းသားတွေ အများဆုံး ပါဝင်နေပါတယ်။ တိုက်ပွဲကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတော့ မရှိသေးဘူးလို့ ဆိုကြပါတယ်။ စစ်ပွဲအခြေအနေဟာ ဒီကနေ့ညနေပိုင်းထိ ဟမ်းငိုင်းကျေးရွာကနေ လက်နက်သံတွေ ကြားနေရတာကြောင့် နောက်ထပ် ထပ်ရောက်လာမယ့် စစ်ရှောင်မိသားစုတွေလည်း ကျန်ရှိနေပါသေးတယ်။ ဟမ်းငိုင်းကျေးရွာက စစ်ရှောင်ပြည်သူတွေအတွက် မိုင်းကိုင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့ထားတဲ့ အခြေခံစားသောက်ကုန်တွေသာ ရှိသေးတာကြောင့် တိုင်ပွဲရှည်ကြာရင် စားနပ်ရိက္ခာတွေ လိုအပ်လာမယ်လို့ မိုင်းကိုင်မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးစိုင်းပန်က ပြောပါတယ်။ တိုက်ပွဲရှောင် ပြည်သူတွေကို ကျေးသီးမြို့နယ်က အလှူရှင်တွေလည်း လာရောက် ကူညီပေမယ့် အကူအညီတွေ နောက်ထပ် လိုအပ်နေတာကြောင့်  လွှတ်တော်အမတ် ဦးစိုင်းလုံ ဖုန်းနံပါတ် ၀၉ ၄၂၂၁ ၆၀၈၉၀ ကို ဆက်သွယ်ကူညီနိုင်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားရတာနဲ့ ပတ်သက်ပြီး RCSS/ SSA ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး စိုင်းဦးက “ကျိုင်းတောင်းအခြေစိုက် မြန်မာ့တပ်မတော် ခမရ ၅၆၉ တပ်က ကျနော်တို့ လှုပ်ရှားနေတဲ့ နေရာဘက်ကို နယ်မြေ၀င်ရောက်ရှင်းလင်းလို့ တိုက်ပွဲဖြစ်ရတာဖြစ်တယ်၊ မြန်မာ့တပ်မတော်က သူတို့ကို သတ်မှတ်ထားတဲ့ နေရာမှာဘဲနေဖို့ ပြောပေမယ့် သတ်မှတ်နေရာ အတိအကျကို နှစ်ဘက်သဘောတူထားတာမရှိဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်(အန်စီအေ) လက်မှတ်ထိုး ထားတဲ့ အဖွဲ့ဖြစ်သလို နေပြည်တော်မှာ ကျင်းပနေတဲ့  ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကိုလည်း တက်ရောက်နေပါတယ်။ သတင်း-နန်းမြနဒီ/ခွန်ဇော်ဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024