လယ်သမား ၇ ဦးကို စစ်တပ်က ဖမ်းဆီး
အေးနိုင်
·
July 13, 2012
ပဲခူးတိုင်း ပန်းတောင်းမြို့နယ်မှာ တပ်မတော်သားတွေက သူတို့သိမ်းထားတဲ့ လယ်တွေပေါ်မှာ လယ်ဝင်ထွန်ကြတဲ့ မူလပိုင်ရှင်လယ်သမားတွေကို ဖမ်းဆီးလိုက်ပါတယ်။
ပန်းတောင်းမြို့နယ်ထဲက ဆင်တဲကျေးရွာအုပ်စုနဲ့ ပဲကြီးကုန်းကျေးရွာ အုပ်စုနှစ်စုက လယ်သမားတွေဟာ သူတို့သိမ်းခံရတဲ့မြေတွေပေါ်မှာ လယ်ထွန်ယက်ခဲ့ကြတာဖြစ်ပြီး အဲဒီထဲက ၇ ဦး ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
မနေ့တုန်းက ဆင်တဲကျေးရွာအုပ်စုထဲက ရွာသစ်ကုန်း ကျေးရွာနဲ့ ပုတီးတောကျေးရွာ ၂ ရွာပေါင်းပြီး ကပစ ၃ က သိမ်းဆည်းထားတဲ့ သူတို့လယ်တွေပေါ်မှာ စုပေါင်းထွန်ယက်ခဲ့ပါတယ်။
မနေ့က နေ့ခင်းမှာ ကပစ ၃ စက်ရုံက စက်ရုံမှူး ဒုဗိုလ်မှူးကြီးသန်းရွှေ၊ စက်ရုံအုပ်ချုပ်ရေးပိုင်းက ဗိုလ်မှူးဝင်းလှိုင်၊ ဗိုလ်မှူးမောင်မောင်စိုး၊ ဗိုလ်ကြီးဇေယျာထွန်းနဲ့ အရာခံဗိုလ်တွေအပါအဝင် တပ်မတော်သား ၁၂ ယောက်ကျော်လောက် ရောက်လာပြီး ဆင်းမထွန်ဖို့ ပြောခဲ့ပြီး ဒီနေ့မှာတော့ ဖမ်းဆီးခဲ့တယ်လို့ လယ်သမားတွေကို ကူညီနေသူတဦးက ပြောပါတယ်။
“ဒီနေ့မနက် ၁၀ နာရီလောက်ကျတော့ ရွာသစ်ကုန်းကျေးရွာနဲ့ ပုတီးတောကျေးရွာက လယ်သမားတွေက လယ်ထွန်နေပါတယ်ဆိုပြီးတော့ ပန်းတောင်းမြို့နယ် မြေစာရင်းရုံးကို သွားမယ်ဆိုပြီးထွက်လာတယ်။ သွားတဲ့အခါကျတော့ စစ်တပ်က ဂိတ်တွေကိုဖြတ်ပြီးသွားရတာ။ တက်လာတဲ့ လယ်သမားတွေကို စစ်မေးဖို့ဆိုပြီး စစ်သားအစောင့် ၁၀၀ လောက် ချထားတယ် ပတ်ပတ်လည်မှာ။ စစ်ပြီးတော့ ရွာသားတွေထဲက လယ်သမား ၇ ယောက်ကို ဖမ်းပြီးတော့ စစ်တပ်က အုပ်ချုပ်ရေးရုံးကို ခေါ်သွားခံရတယ်လို့ ပြောပါတယ်။”
ဖမ်းဆီးခံရသူတွေကတော့ ဦးတင်အောင်၊ ဦးအောင်ကြည်၊ ဦးထွန်းဟန်၊ ဦးမင်းနိုင်၊ ဦးဟန်ဝင်း၊ ဦးကျော်ကျော်လွင်နဲ့ ဦးစံမင်းတို့ဖြစ်ပြီး ဖမ်းဆီးရာမှာ ရဲတပ်ဖွဲ့ဝင် မပါဘူးလို့ ပြောပါတယ်။
ကျန်တဲ့လယ်သမားတွေက မြေစာရင်းရုံးကို ရောက်သွားပြီး သိမ်းခံရတဲ့လယ်တွေနဲ့ မြေခွန်ပြေစာတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြချိန်မှာ အဲဒီ ၇ ဦး ဖမ်းဆီးခံရတာလို့ဆိုပါတယ်။
ပန်းတောင်းမြို့နယ်မှာ ဘိုးဘွားပိုင်မြေတွေကို နယ်မြေခံစစ်တပ်နဲ့ ဌာနဆိုင် ရာတို့က ၁၉၇၀-၁၉၈၀ ပြည့်လွန်နှစ်တွေကစပြီး ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြု လုပ်ရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့ မညီဘဲ ပန်းတောင်း နယ်မြေထဲမှာ လယ်ဧကပေါင်းများစွာကို သိမ်းဆည်းထားတယ်လို့ လယ်သမားတွေက ပြောပါတယ်။