Home
မြန်မာသတင်း
ကရင်နီလူငယ် ၁၆ ဦးကို ငြိမ်းစုစီပုဒ်မဖြင့်တရားစွဲ၊ ၄ ဦးကို နိုင်ငံတော်အကြည် အညိုပျက်စေမှုဖြင့် ဖမ်းဆီး
နော်နိုရင်း
·
July 11, 2018
မြန်မာ့လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူကြေးရုပ်တုကို လွိုင်ကော်မြို့မှာ မထားရှိဖို့ ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ကရင်နီလူငယ် ခေါင်းဆောင်တွေကို ငြိမ်းစုစီပုဒ်မနဲ့  ကယားပြည်နယ်အစိုးရက တရားစွဲလိုက်ပါတယ်။ တရားစွဲဆိုတဲ့စာကို မနေ့ ဇူလိုင် ၁၀ ရက်က ပေးပို့ခဲ့တာဖြစ်ပြီး သူတို့ကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ (၁၉)၊ (၂၀)နဲ့ တရားစွဲဆိုလိုက်တာဖြစ်ပါတယ် တရားစွဲခံရသူတွေကတော့ ခွန်းသောမတ်၊ ဂျွန်နီမင်း၊  ပိုးရယ်(ခ) ခူတလေ၊ တူရယ်၊ ဒီးဒီ(ခ) စစ်မုန်း၊ ဘွဲထူး၊ မော်မိုးမြာ၊ ဖရန်စ္စကို၊ မော်ရား၊  မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ခွန်းဘားနဒ်ဘုတ်၊ ဖိလစ် (ခ)စိုးအောင်၊ ခွန်းဘိုဘို၊ ကောရီယို၊  မေဇင်လတ်တို့ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို မထားရှိဖို့ ကရင်နီလူငယ်တွေက ဦးဆောင်ပြီး ဇူလိုင် ၃ရက်က လွိုင်ကော်မြို့မှာ ဆန္ဒပြကန့်ကွက်ခဲ့ကြသလို  ကရင်နီပြည်သမိုင်းမှန် စာရွက်တွေကိုလည်း ဖြန့်ဝေခဲ့ပါတယ်။ ဒီလိုစာတွေဖြန့်ဝေခဲ့တဲ့အတွက်လည်း လူငယ် ၁၀ ဦးကို လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ နိုင်ငံတော်အကြည် အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) နဲ့ တရားစွဲဆိုခံထားရပါတယ်။ ကရင်နီပြည်သမိုင်း စာရွက်ဖြန့်ဝေမှုကြောင့် တရားစွဲဆိုခံရသူတွေကတော့ ကိုမျိုးလှိုင်ဝင်း (ခ) ပါစကွာလယ်၊ ဖိလစ်(ခ)စိုးအောင်၊ ဘွဲထူး၊ မရိုစီးနာ၊ မကာမေးလာ (ခ)မိကြီး၊ မရိုစီကျော်၊ ဒီးဒီ(ခ)စစ်မုန်း၊ မော်ရား၊ ဖရန်စစ္စကို၊ မမူကတ်သရင်း တို့ဖြစ်ကြပါတယ်။ အဲဒီထဲကမှာ ၄ ဦးဖြစ်တဲ့ မျိုးလှိုင်ဝင်း၊ ဖိလစ် (ခ) စိုးအောင်၊ ခွန်းသောမတ်၊  ဒီးဒီ(ခ) စစ်မုန်းတို့ကို ဒီးမော့ဆိုမြို့နယ် တရားရုံးက ထပ်မံတရားစွဲဆိုပြီး  ဒီကနေ့ ရုံးချိန်းမှာ ထိန်းသိမ်းထားလိုက်ပါတယ်။ ဒီကနေ့ ပထမဆုံးရုံးချိန်းမှာ အဆိုပါ ၄ ဦးကို အာမခံပေးပေမယ့် သူတို့က မယူဘဲ အကျဉ်းကျခံလိုက်တာဖြစ်ပြီး အကျဉ်းထောင်အချုပ်ကနေပဲ အမှုကို ဆက်လက်ရင်ဆိုင်မယ်လို့ ခွန်းဘားနဒ်ဘုတ်က ပြောပါတယ်။ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)(ဂ) အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်ကို လာမယ့် ဇူလိုင် ၁၉ အာဇာနည်နေ့အမီ ပြုလုပ်နိုင်ဖို့ ပြည်နယ် အစိုးရက လုပ်ဆောင်နေတာဖြစ်ပြီး အဲဒီ ကြေးရုပ်ကို မလိုလားကြောင်း ဒေသခံတွေက ကန့်ကွက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024