ထိန်းသိမ်းခံ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဝင် ၂ ဦး လွတ်မြောက်
နန်းမြနဒီ
·
July 13, 2012
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ခေါ်ယူ ထိန်းသိမ်းခြင်းခံထားရတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဝင် ၂ ဦးကို ညတွင်းချင်း ပြန်လွှတ်ပေးလိုက်တယ်လို့ မြောက်ဦးရဲစခန်းက ပြောပါတယ်။
မြောက်ဦးမြို့နယ်က ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဒု ဥက္ကဋ္ဌ ဦးအေးမောင်သန်းနဲ့ ပါတီကော်မတီဝင် ဦးဘတင်တို့ကို နောက်နောင် ဆူပူမှုဖြစ်အောင် လှုံ့ဆော်စည်းရုံးတာတွေမလုပ်ဖို့ နယ်မြေအခြေစိုက် ဗျူဟာမှူးက သတိပေးပြောကြားပြီး ရပ်မိရပ်ဖ ခံဝန်ချက်လက်မှတ်နဲ့ မနေ့ည ၈ နာရီကျော်မှာ ပြန်လွှတ်ခဲ့တယ်လို့ မြောက်ဦးရဲစခန်းက ရဲအရာရှိတဦးက ပြောပါတယ်။
“သူတို့ မနေ့ကတည်းက ပြန်သွားပါပြီ။ သူတို့ကို ကျနော်တို့က ဖမ်းထားတာမှ မဟုတ်တာ ခေါ်ယူစစ်ဆေး မေးမြန်းတာလောက်ပဲ ရှိတယ်။ သူတို့ နောက်နောင် ဒါမျိုးတွေ မလုပ်ဖို့ပေါ့။”
ဦးအေးမောင်သန်းနဲ့ ဦးဘတင်တို့ဟာ မြောက်ဦးမြို့မှာရှိတဲ့ ရခိုင်တိုင်းရင်းသားပိုင် ဆန်စက်တွေကို သွားရောက်ပြီး ရခိုင်လူမျိုးတွေကိုသာ ဆန်ရောင်ချပေးဖို့ သွားရောက်မေတ္တာရပ်ခံခဲ့တာကြောင့် မနေ့ညနေက ရဲနဲ့ စစ်တပ်ဖွဲ့ဝင်တွေက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
အဲဒီနောက် မကြာခင်မှာပဲ ထောင်နဲ့ချီတဲ့ မြောက်ဦးမြို့ခံတွေက မြောက်ဦး ရဲစခန်းအနီး မြို့နယ်အုပ်ချုပ်ရေးရုံး ပတ်ဝန်းကျင်မှာ စုဝေးရောက်ရှိလာကြတယ်။ မြို့မိမြို့ဖ ၂ ဦး၊ သံဃာတော် ၂ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးတို့က အာမခံနဲ့ ခံဝန်ချက် လက်မှတ်ထိုးပြီး ပြန်လွှတ်ပေးလိုက်တာလို့ ပြန်လွတ်လာတဲ့ ဦးအေးမောင်သန်းက ပြောပါတယ်။
“ကျနော်တို့ကို ဗိုလ်ကြီး ၃၊ ၄ ယောက်လောက် ပါတယ်။ လက်ထိတ်ခတ်ပြီး ခေါ်သွားတယ်။ ကျနော်တို့က လက်ထိတ်မခတ်နဲ့ပြောတာလည်း လက်ထိတ်ခတ်ပြီး ခေါ်သွားပါတယ်။ အချုပ်မှာတော့ မထည့်ဘူး။ အပြင်မှာထားပြီးတော့ ကျနော်တို့ကို တရားဟော နားချပါတယ်။ ပြည်သူလူထုတွေ အေးအေးချမ်းချမ်းနေဖို့အတွက် လုံခြုံရေး တာဝန်ယူထားတယ်တဲ့။ ကျနော်တို့ကလည်း ကိုယ့်လူမျိုးအတွက် ကိုယ်တတ်နိုင်သလောက် လုပ်တာပါလို့ စစ်တပ်စပါးရှိမှန်းလဲမသိဘူး။ စစ်တပ်စပါးရှိရင်တော့ ကျနော်တို့မလုပ်ပါဘူး။”
ရခိုင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစတင်တဲ့ ပဋိပက္ခတွေအတွင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီဝင်တွေ ခေါ်ယူမေးမြန်းတာ၊ ထိန်းသိမ်း ဖမ်းဆီးခံရတာတွေ ၃ ကြိမ်ရှိသွားပြီလို့ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ပြောပါတယ်။
ဇွန် ၃ ရက်နေ့ စစ်တွေ ရဲစခန်းရှေ့ဆန္ဒပြမှုမှာ ပါတီဝင် ၄ ဦး၊ ကျောက်တော် လူသတ်မှုမှာ ၁၂ ဦး ဖမ်းဆီးခံထားရပြီး ပါတီဝင်တွေ လွတ်မြောက်ရေးအတွက် ရှေ့နေတွေနဲ့ တရားရင်ဆိုင်ဖို့ ကြိုးစားပေးနေကြောင်းလည်း ဦးဦးလှစောက ပြောပါတယ်။