ထိုင်းတွင် အပျော်စီးလှေ နစ်မြုပ်ခဲ့မှုအတွက် ခရီးသွားလုပ်ငန်းဝန်ကြီး တောင်းပန်

ထိုင်းနိုင်ငံအတွင်း အပျော်စီးလှေနစ်လို့ သေဆုံး ဒဏ်ရာရသူတွေကို ထိုင်း ခရီးသွားလုပ်ငန်းဝန်ကြီးက တောင်းပန်ခဲ့ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ကျွန်းရဲ့ ကမ်းလွန်မှာ မုန်တိုင်းကြောင့် လှေ ၂ စီး နစ်မြုပ်ခဲ့အပြီး ခရီးသွားဝန်ကြီး ဝီရာဆပ်ခ် ခို့စူရတ်ဟာ ဒဏ်ရာရသူတွေနဲ့  သေဆုံးသူတွေရဲ့ မိသားစုတွေကို ဇူလိုင် ၉ ရက်နေ့က တောင်းပန်လိုက်ပါတယ်။ တရုတ်အများစုဖြစ်တဲ့ နိုင်ငံခြားသား ခရီးသည် အယောက် ၁၃၀ ကျော် တင်လာတဲ့ လှေ ၂ စီးဟာ ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းမှာ လေထန် လှိုင်းကြီးလို့ နစ်မြုပ်ခဲ့တာပါ။ ဖီးနစ်လို့ နာမည်ပေးထားတဲ့ လှေပေါ်က ခရီးသည် ၄၂ ဦး သေဆုံးတယ်လို့ အတည်ပြုထားပြီး တခြားလူ ၁၄ ဦး ပျောက်နေဆဲပါ။ ဆေရေနာတာလို့ခေါ်တဲ့ လှေပေါ်က ခရီးသည်အားလုံးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဝန်ကြီးနဲ့ တခြားအရာရှိတွေဟာ သတင်းစာ ရှင်းလင်းပွဲအတွင်း မတ်တပ်ရပ် အလေးပြုခဲ့ပါတယ်။ ဒါဟာ မတော်တဆမှုမှာ အသက်ဆုံးရှုံးခဲ့သူတွေအတွက် ပထမဆုံး တရားဝင် ကြေညာတာပါ။ သေဆုံးသူတွေနဲ့ မိသားစုတွေအတွက် တကယ့်ကို ဝမ်းနည်းပါတယ်လို့ ဝန်ကြီးက ပြောပါတယ်။ ရှာဖွေရေးလုပ်ငန်းတွေ ဆက်လုပ်နေပေမယ့် ဇူလိုင် ၈ ရက်နေ့မှာ အလောင်းတွေ ထပ်မတွေ့သေးဘူးလို့ ဖူးခက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒေသခံ ရွက်လှေကလပ် love andaman ရဲ့ ပိုင်ရှင်က တရုတ်ခရီးသည် အယောက် ၂၀ ကို ကယ်နိုင်ခဲ့တာပါ။ ရွက်လှေတွေကို ပြုပြင်ထိန်းသိမ်းရေး လုပ်နေချိန် လှေနစ်ကြောင်း ကြားလို့ သူ့ရွက်လှေနဲ့ အမြန်သွားကယ်ခဲ့တယ်၊ လှိုင်းကြမ်းလို့ လေးခေါက်သာ ကယ်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။ သူတို့အားလုံး အသက်ကယ်ဝတ်စုံ ဝတ်ထားပြီး အသက်ကယ် ဘောကွင်းတွေကို ကိုင်ထားတယ်၊ ဒါပေမယ့် လှိုင်းက ခါချနေလို့ လက်ပန်းကျလာခဲ့တာလို့ ကလပ်ပိုင်ရှင် ယန်နာဖတ်က ပြောပါတယ်။ သင်္ဘောကပ္ပတိန်ကို နမော်နမဲ့ပြုမှုနဲ့ တခြားလူတွေ ရုပ်ပိုင်း စိတ်ပိုင်း ထိခိုက်စေမှုတွေနဲ့ တရားစွဲထားပြီးပြီလို့ ဖူးခက်ရဲတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up