
Lead Story သတင်း အနုပညာ နိုင်ငံတကာ ရုပ်သံ
အန်နီမေးရှင်းရုပ်ရှင် ပရိသတ်အကြိုက် Hotel Transylvania 3: Summer Vacation (နမူနာ)
Email This Story :
သရီးဒီအန်နီမေးရှင်းရုပ်ရှင် ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် Hotel Transylvania 3: Summer Vacation ရုပ်ရှင်ကို လာမယ့် ဇူလိုင် ၁၃ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကို Sony Pictures Animation က တင်ဆက်လိုက်တာဖြစ်ပြီး ရုရှား-အမေရိကန် ကပြား ရုပ်ရှင်ဒါရိုက်တာ ဂန်ဒီတာတာကော့ဗ်စကီးက ပုံဖော်ရိုက်ကူးထားတာပါ။
ဒီရုပ်ရှင်ကားဟာ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Hotel Transylvania၊ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Hotel Transylvania 2 ရုပ်ရှင်ကားတွေရဲ့ နောက်ဆက်တွဲရုပ်ရှင်အဖြစ် ထပ်မံထွက်ရှိလာတာဖြစ်ပြီး A Monster Vacation လို့လည်း သိကြပါတယ်။
ဒီကားထဲမှာ ဒရက်ကူလာ (Dracula)၊ မေးဗစ်စ် (Mavis)၊ ဂျွန်နီ (Johnny)၊ အယ်ရစ်ကာ (Ericka) စတဲ့ အဓိကဇာတ်ကောင်တွေ ပါဝင်ပြီး ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒရက်ကူလာဆိုတာ Hotel Transylvania တည်ထောင်ခဲ့တဲ့ အသက် နှစ် ၅၄၀ ရှိတဲ့ Vampire တွေရဲ့ အရှင်သခင်ဖြစ်ပြီး အဲဒီနေရာမှာတော့ အမေရိကန်မင်းသား အဒမ်ဆမ်ဒ်လာ (Adam Sandler) က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
သူ့ရဲ့သမီးကတော့ အသက် ၁၂၆ နှစ်ရှိတဲ့ မေးဗစ်စ်ဖြစ်ပြီး အဲဒီနေရာမှာတော့ အဆိုတော် ဆလီနာဂိုးမက်စ် (Selena Gomez) က အသံနဲ့ သရုပ်ဆောင်ထားတာပါ။
သူ့ရဲ့ခင်ပွန်းကတော့ အသက် ၂၉ နှစ်အရွယ် လူသားအမျိုးသား ဂျွန်နီဖြစ်ပြီး အမေရိကန်မင်းသား အဲန်ဒီဆမ်ဘာ့ဂ် (Andy Samberg) က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
သူတို့မိသားစုဟာ မကောင်းဆိုးဝါးတွေရော၊ တခြား လူတွေရော အပါအဝင် နွေရာသီမှာ ဇိမ်ခံ အပျော်စီးသင်္ဘောကြီးနဲ့ ခရီးထွက်ကြချိန်မှာ ထူးဆန်းတဲ့ သင်္ဘောကပ္ပတိန် အမျိုးသမီး အယ်ရစ်ကာနဲ့ ဆုံတယ်။ အယ်ရစ်ကာ နေရာမှာတော့ ကက်သရင်းဟန်း (Kathryn Hahn) က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားခဲ့တာပါ။
အဲဒီအချိန်မှာ ဒရက်ကူလာဟာ အယ်ရစ်ကာနဲ့ ပတ်သက်မိကြတယ်။ ဒါပေမယ့် အယ်ရစ်ကာမှာ မကောင်းဆိုးဝါးတွေကို နှိမ်နင်းဖို့ ရည်ရွယ်ချက် ရှိနေတာကို သမီးဖြစ်တဲ့ မေးဗစ်စ်က သိသွားတဲ့အခါ ဘာတွေဖြစ်လာကြမလဲဆိုတာကို အထူးပြုလုပ်ချက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။
ကြာမြင့်ချိန် ၉၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆၅ သန်း အကုန်အကျခံ ရိုက်ကူးထားတာဖြစ်ပြီး Box Office မှာတော့ ရုံတင်မယ့် ပထမပတ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ ကနေ ၄၅ သန်းကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။