Live
Home
မြန်မာသတင်း
ဆုံးဖြတ်ချက်ပေးနိုင်သည့် တိုင်းရင်းသားခေါင်းဆောင်များ ၂၁ ရာစု ပင်လုံညီလာခံ တက်စေလို
အောင်ကိုကိုလတ် (နေပြည်တော်)
·
July 10, 2018
၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ တက်ရောက်ဖို့ ကမ်းလှမ်းထားတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။ “မြောက်ပိုင်းအဖွဲ့တွေကလည်း သုံးဖွဲ့ လေးဖွဲ့ မတူဘူး။ မတူတဲ့အပေါ်မှာ လာမယ့် တတိယအစည်းအဝေးပြီးရင် အစိုးရနဲ့ တောက်လျှောက် ညှိနှိုင်းနေတယ်။ ဆွေးနွေးနေတယ်။ ပိုပြီးနီးစပ်လာအောင်၊ ပိုပြီးနီးကပ်လာအောင် လုပ်သွားမယ့် အစီအစဉ်တွေလည်း ရှိတယ်။ အဲ့ဒါတွေနဲ့ သူတို့နဲ့လည်း အကျေအလည် ဆွေးနွေးချင်တယ်။ ဆွေးနွေးချင်လို့ တကယ်ဆုံးဖြတ်ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေ လာခဲ့ပါ၊ တက်ခဲ့ပါ။ ကျနော်တို့က တောင်းဆိုထားတာတွေ ရှိတယ်။ သို့သော် မသိရသေးဘူး။ အဲ့ဒီအပေါ်မူတည်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့တာတို့၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တာတို့၊ ဒါတွေကတော့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တယ်။ ဒါပေမယ့် ဟိုဘက်က တက်လာတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာလည်း မူတည်တယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။ အစည်းအဝေးကို တက်ရောက်လာမယ့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း ဆုံးဖြတ်ချက်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ တက်ရောက်ဖို့နဲ့ ပါဝင်လာဖို့ကို မျှော်လင့်ပြီး အဲ့ဒီလိုဖြစ်လာဖို့အတွက် အကျိုးဆောင်တွေ၊ တရုတ်သံရုံးတွေနဲ့ တိုက်ရိုက် အကြောင်းကြားထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ ဇူလိုင် ၉ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာ ကျင်းပတဲ့ ၁၆ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးအပြီး ဦးဇော်ဌေးက ပြောဆိုခဲ့တာပါ။ အဲ့ဒီအစည်းအဝေးမှာ မနက်ဖြန် ဇူလိုင် ၁၁ ရက် စတင်ကျင်းပတော့မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးမှာ ဆွေးနွေးမယ့် နိုင်ငံရေး၊ လူမှုရေး၊ လုံခြုံရေး၊ စီးပွားရေး၊ မြေယာကဏ္ဍတွေကနေ သဘောတူညီချက် ၁၂ ချက် ရရှိခဲ့တယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024