ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း စတင်ထုတ်ပြန်
ဇေယျာချမ်းအေး
·
July 9, 2018
နိုဝင်ဘာလမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို ဇူလိုင် ၉ ရက်က စတင်ပြီး သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးက ပထမအကြိမ် ကြေညာကပ်ပေးထားပါတယ်။
သမ္မတဦးဝင်းမြင့်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် မဲဆန္ဒနယ်မှာလည်း မဲဆန္ဒရှင်စာရင်းတွေကို ကပ်ထားကြေညာပေးထားပြီး မဲစာရင်းတွေ မှန်ကန်မှုရှိ မရှိ တစ်အိမ်ထောင်ကို တစ်ယောက်လာရောက်ကြည့်ရှုစစ်ဆေးကြဖို့ ကော်မရှင်က ပန်ကြားထားပါတယ်။
ရပ်ကွက်နေပြည်သူတွေ စိတ်တိုင်းကျလာကြည့်ပြီး ပြင်ဆင်မှုတွေ လုပ်နိုင်ပါတယ်လို့ တာမွေမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူ ဦးဝင်းအောင်က ပြောပါတယ်။
အခုထုတ်ပြန်မှုဟာ ပထမအကြိမ်ဖြစ်ပြီး ဒုတိယအကြိမ် ထုတ်ပြန်မှုကိုတော့ အောက်တိုဘာလမှာ ထုတ်ပြန်ပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိထုတ်ပြန်နေတဲ့ မဲဆန္ဒရှင်စာရင်းတွေဟာ ၂၀၁၅ စာရင်းတွေကိုအခြေခံပြီး ပြင်ဆင်ဖြည့်စွက်မှုတွေ ပြုလုပ်ထားတာလို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။